ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများ၌ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဦးဆောင်၍ အတင်းအဓမ္မခေါ်ဆောင် တပ်သားစုဆောင်းမှုများပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
လတ်တလောစာရင်းများအရ ထီရီးကျေးရွာမှ ၁၅ ဦး၊ ထီဟန်းတားကျေးရွာနှ ခုနစ်ဦး၊အောင်ချမ်းသာကျေးရွာမှ ငါးဦး၊ဟူရမ်းကျေးရွာမှ ၁၁ဦးနှင့် စံကားလွယ်ခေါ် ကျေးရွာမှ ၁၀ဦးကို PNO က ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
“အိမ် တစ်အိမ်ကို ရှစ်သိန်းခွဲကောက်တယ်။ အိမ်တိုင်းကောက်တယ်။လူငယ်တွေက မသွားချင်ကြဘူး။ ပအိုဝ်းရွာကလူတွေ မဲနှိုက်ကြရတယ်။မသွားမနေရဆိုတော့ ရွာမှာ သွားနိုင်တဲ့သူကိုပိုက်ဆံပေးငှားရတယ်။လူငှားထည့် သလိုမျိုးပေါ့။ အင်းထဲကလူငယ်တွေ အစစအရာရာ ဂရုစိုက်ကြပါ။အဆင်ပြေရင် အချိန်မီရှောင်ကြပါ”ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
PNO ပြည်သူ့စစ်သည် စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများကို ပြန်လည်ခုခံနေပြီး ၎င်းတို့နယ်မြေအတွင်းမှ စစ်ကောင်စီအတွက် စစ်သားကောက်ပေးနေသည်ဟု ဒေသခံတော်လှန်ရေးအင်အားစုများက အသိပေးထားသည်။
အပြစ်မဲ့ပြည်သူလူထုအား စစ်ပွဲအတွင်းအတင်းအဓမ္မဆွဲသွင်းပြီး ကျေးရွာများတွင် မသွားမနေရစစ်သားကောက်ယူခြင်းနှင့် သေနတ်ဝယ်ယူရန်ဟုဆိုကာ ငွေကြေးကောက်ခံနေသည့် PNOကို အင်းလေး လူထုအဖွဲ့အစည်းများက မကြာသေးမီရက်ပိုင်းကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။
“စခတွေက လက်နက်တွေ ပေးတော့ အဲဒီလက်နက်ခဲယမ်းတွေအလိုက် PNOက လူရှာပေးရတယ်။အခုလည်း အင်းလေးတောင်ပိုင်းမှာဆို ၂၀၀လောက်ပါသွားပြီ”ဟု ညောင်ရွှေမြို့နယ်နေသူက ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၇ရက်)ကလည်း တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်တပ်က PNO ပြည်သူ့စစ်အဖွဲ့အား လက်နက်တပ်ဆင်ပွဲပြုလုပ်ခဲ့သည်။