ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ ညောင်ရွှေမြို့နယ်က အုပ်ကြီးနဲ့ရာအိမ်မှူးအချို့ စစ်မှုထမ်းစာရင်း မကောက်နိုင်ဘူးဟုဆိုကာ နှုတ်ထွက်ကြတယ်လို့ မနေ့ ဧပြီလ ၁ ရက်နေ့မှာ အင်းလေးဒေသတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့(JMC-I) က ထုတ်ပြန်ပါတယ်။
ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ မင်းချောင်းရှေ့ရွာက ရာအိမ်မှူး ဦးကျော်မြင့်၊ ညောင်ရွှေမြို့ ကံသာရပ် အုပ်ကြီး ဦးစိုင်းထွန်းကျော် ခေါ် ကိုရှမ်းအိုနဲ့ ရာအိမ်မှူး ဦးကျော်သူ၊ ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်က အမျိုးသမီးအုပ်ကြီး ဒေါ်နီနီဝင်းတို့ ၄ ဦး နှုတ်ထွက်သွားတယ်လို့ ဆိုပါတယ်။
မတ်လ၃၁ ရက်က ညောင်ရွှေမှာ လုပ်တဲ့ စစ်မှုထမ်းခေါ်ယူတဲ့အစည်းအဝေးမှာ “လူလည်းမရှိဘူး၊ ပေးလဲ မပေးနိုင်ဘူး” လို့ ရဲရဲဝံ့ဝံ့ ကန့်ကွက်ပြောဆိုကြပြီး သူတို့ရဲ့ တာဝန်တွေအားလုံးကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး JMC-I အဖွဲ့က ၄င်းတို့ကို တော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်ခဲ့သူတွေ မဟုတ်ကြပေမယ့် စစ်ကောင်စီအပေါ်ပံ့ပိုးကူညီနေမှုတွေကို အချိန်မီ ရဲရဲဝံ့ဝံ့ ဖြတ်တောက် လိုက်နိုင်တဲ့အတွက် ပြည်သူတွေရဲ့ကိုယ်စား အထူးကျေးဇူးတင်ဂုဏ်ပြုပါတယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးအပြီးမှာ သူတို့ရဲ့ ရုံးတံဆိပ်တုံးတွေ သိမ်းခံရလိုက်တယ်လို့ သိရပါတယ်။
မင်းချောင်းရှေ့ ရာအိမ်မှူး ဦးကျော်မြင့်ဟာ စစ်ကောင်စီမတိုင်မီကတဲက ရာအိမ်မှူးဖြစ်ပြီး အများကလေးစားတဲ့ သမာသမတ်ရှိသူ တစ်ဦးလို့သိရကာ ခုချိန်မှာ သူတို့ကို စစ်ကောင်စီရဲ့ ဖမ်းဆီး ခံရမှုရှိနိုင်တာကြောင့် အခြားဒေသကို ယာယီသွားရောက်နေထိုင်နေတယ်လို့သိရပြီး အခြားသူတွေရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ JMC-I အဖွဲ့က ပြောပါတယ်။
အင်းလေးဒေသက လူထုကို ကိုယ်စားမပြုဘဲ စစ်ကောင်စီကိုသာ ကိုယ်စားပြုကာ လူထုအပေါ် စစ်မှုထမ်းကိစ္စကို အတင်းအဓမ္မဆောင်ရွက်နေတဲ့ အုပ်ကြီးတွေကို JMC-I က လုပ်ရပ်တွေ ရပ်တန်းကရပ်ပြီး ပြည်သူကို မျက်နှာမူဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။