ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကေလာကျေးရွာမှာ မုဒိန်းကျင့်ဖို့ကြံစည်အားထုတ်သူ တစ်ဦးကို ရဲက ငွေကျပ် ၂ သိန်း လာဘ်ယူပြီး မတ်လ ၂၃ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဧပြီလလယ်ပိုင်းလောက်က အသက် ၂၅ နှစ် ဝန်းကျင်အရွယ် ကေလာရွာခံ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်း သားချင်း သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မုဒိန်းကျင့်ဖို့ ကြံစည်အားထုတ်ခဲ့ရာမှာ မအောင်မြင်ဘဲ အမျိုးသမီးဟာ လွတ်မြောက်သွားခဲ့ပြီးနောက် နန်းပန်ရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ပုဂ္ဂိုလ်ရေးအရ နီးစပ်သူတစ်ဦးက “သွားတိုင်တော့ ရဲက နစ်နာသူမိန်းကလေးဖက်ကို ပြောပေးမယ်ဆိုပြီးတော့ မိသားစုဝင်တွေကို ပြန်လွှတ်လိုက်တာ။ ဘာမှတော့ မဖြစ်လိုက်ဘူး၊ တစ်ရွာတည်းသားချင်းတွေပဲ။ ဖြစ်တာ ကြာပြီဆိုပေမယ့် မိန်းကလေးရဲ့ လုံခြုံရေးကြောင့် အခုမှ မီဒီယာကို ဖြေကြားရတာပေါ့။ အခုတော့ သူလည်း လုံခြုံတဲ့နေရာဆီ ရောက်ပါပြီ” လို့ ပြောပါတယ်။
လာဘ်ယူသူတွေဟာ နန်းပန်ရဲစခန်းက စခန်းမှူး ညီညီအောင်နဲ့တကွ ရဲတပ်သားအားလုံးပါဝင်ပြီး တရားခံကို လာဘ်ယူကာ လွှတ်ပေးပြီးတဲ့ နောက်ပိုင်းမှာ ငွေကြေးနောက်ထပ် တောင်းခံတာတွေ ရှိခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ကျူးလွန်ခံရသူရဲ့ မိတ်ဆွေတစ်ဦးက “ခရမ်းချဥ်သီးခြံထဲမှာ ဖြစ်တာ။ ကောင်မလေးက လျော်ကြေးမယူချင်ဘူး။ အမှုဖွင့်ချင်တာ။ ဒါပေမဲ့ အုပ်ကြီးနဲ့ ရဲတွေက တစ်ရှက်ကနေ နှစ်ရှက်မဖြစ်ချင်ရင် ကြေအေးလိုက်။ ငါတို့က ဟိုဘက်ကိုလည်း ဒဏ်ငွေရိုက်လိုက်မယ် ဆိုပြီး ဖိအားပေးတာ။ ရွာခံတွေလည်း ပါတာပေါ့။ နောက်ဆုံးရဲက အမှုဖွင့်မပေးတော့ ဘာမှ မတတ်နိုင်ဘူးလေ” လို့ ပြောပါတယ်။
အရင်ကလည်း အင်းလေးဒေသမှာ မုဒိန်းမှုတွေ များစွာဖြစ်ပွားခဲ့ပြီး ရဲနဲ့အုပ်ချုပ်ရေးမှူးတွေက လာဘ်ယူကာ ဝင်ရောက်ဖျန်ဖြေပေးမှုတွေကြောင့် အမှုဖွင့်တဲ့အဆင့်အထိ မရောက်ဘဲ လွတ်မြောက်သွားခဲ့ကြတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။