ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ လယ်ခြေကျေးရွာနေ လူငယ်တစ်ဦးကို ပအိုဝ်းပြည်သူ့စစ် (PNA)နဲ့ ဖိုးသားထူး(ခေါ်) ညီညီထွန်း လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက အကြမ်းဖက်ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် စက်သုံးဆီရောင်းနေတဲ့ လူငယ်တစ်ဦးကို ဒီနေ့ (ဖေဖော်ဝါရီ ၁၃) မနက်ပိုင်းလောက်က PDF ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူနဲ့ ရွာချင်း ထိစပ်နေသူ တစ်ဦးက “ကျားတွန်ရွာက PNO တွေ ဆင်းလာပြီး လာဖမ်းသွားတာ။ အင်းတိန် လမ်းအတိုင်း ဆင်းလာတာ။ သူက နိုင်ငံရေးတွေ ဘာမှမလုပ်ပါဘူး။ အေးဆေးသမားပါ” လို့ ပြောပါတယ်။
အဖမ်းခံရသူဆီမှာ စက်သုံးဆီဝယ်ပြီးတော့ ကရင်နီဒေသဘက်ကို တော်လှန်ရေး ထောက်ပို့လုပ်နေတဲ့ လူတစ်ဦးဟာ ဖမ်းဆီးခံရတာကြောင့် ကွင်းဆက် လိုက်လာတာလို့ ဆိုပါတယ်။
နီးစပ်သူ တစ်ဦးက “သူနဲ့တော့ မဆိုင်ဘူးပေါ့။ ဒါပေမယ့် ချမ်းသာတော့ ငွေညှစ်ချင်တာလေ။ သိတယ်မလား သူတို့(စစ်ကောင်စီ)က ငွေအားရော လူအားရော ပြတ်နေပြီလေ။ ငွေညှစ်ပြီးရင်တော့ မကြာပါဘူး ပြန်လွတ်လာပါလိမ့်မယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ဖမ်းဆီးခံရသူကို နန်းပန်မြို့ နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပြီး တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) စစ်ကြောရေးစခန်းကို ပို့ဆောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အင်းလေးဒေသအတွင်း ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက မကြာခဏ စွပ်စွဲဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဒီဖြစ်စဉ်ဟာ သာလေးကျေးရွာအတွင်း ပထမဆုံး အကြိမ်ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။