ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ ခေါင်တိုင်ကျေးရွာမှာ ငွေကြေးရှိမှုအပေါ်မူတည်ပြီး စစ်မှုထမ်းထောက်ပံ့ငွေကို အုပ်ကြီးကိုယ်တိုင် ကောက်ခံနေပြီး မထည့်လျှင် ရွာအသိုင်းအဝန်းက ပယ်မယ်လို့ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကြောင်း ဒေသခံသတင်းအရင်အမြစ်ထံက သိရပါတယ်။
ညောင်ရွှေ ထွေအုပ်က ဒီနေ့ အေပြီ ၁ ရက် အပြီးတင်ပေးရမယ့် စစ်မှုထမ်းစာရင်းမှာ ပါသူတွေအတွက် ထောက်ပံ့ငွေကောက်ခံတာကို ခေါင်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကောက်ခံနေတာဖြစ်ပြီး ငွေကြေးတတ်နိုင်သူဆို ကျပ် ၁ သောင်းခွဲ၊ အလယ်အလတ်ဆို ကျပ် ၁ သောင်းနဲ့ ဆင်းရဲတဲ့အိမ်ဆိုရင် ကျပ် ၅ ထောင် ကောက်ခံနေတယ်လို့ သိရပါတယ်။
“ရွာမှာ အိမ်ခြေ ၈၀၀ ရှိတယ်။ ကျပ် ၂ ထောင်ကောက်ရင်တောင် သိန်း ၁ ရာကျော်ရမယ် အဲဒါကို အဆမတန်ကောက်နေတာ၊ လိုက်မကောက်ရဲလို့ သူ့အိမ်ကိုပဲ လာထည့်ခိုင်းနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ထောက်ပံ့ငွေကို လာမထည့်ရင် နာရေး၊ သာရေး၊ လူမှုရေးက ပယ်ချမယ်လို့လဲ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
ညောင်ရွှေမြို့နယ်ရွာ ၃၅ အုပ်စုအနက် ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ စာရင်းမရရင် ရွာထဲဝင်ဖမ်းမယ်ဆိုပြီး အတင်းအဓမ္မကောက်ခံခိုင်းမှု အရ တိုက်နယ်မှူးတွေ ကိုယ်တိုင်စာရင်း ကောက်ခံနေသလို လက်ရှိ အင်းလေးရွာတွေမှာ စစ်မှုမထမ်းချင်သူတွေများနေတာကြောင့် ငွေပေးအစားထိုး ထည့်ရန်အတွက် ထောက်ပံ့ငွေများ ကောက်ခံနေတာဖြစ်ကြောင်း သိရပါတယ်။