ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် – ၁၀၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက် လက်နက်ခဲယမ်း၊ ယူနီဖောင်းနဲ့ စားနှပ်ရိက္ခာတွေ ခက်ခဲလာတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
တပ်သားသစ်တွေတိုးလာသလို တဖက်ကလည်း စားနပ်ရိက္ခာ ခက်ခဲလာနိုင်တဲ့အတွက် ပူပင်မှုတွေရှိနေပြီး တပ်ဖွဲ့ဝင်တွေ စိတ်ဓါတ်မကျအောင် တပ်ရင်းမှူးတွေက နေ့စဉ်နဲ့အမျှ တပ်ရင်းတပ်ဖွဲ့ လိုအပ်မှုတွေအတွက် လှုံ့ဆော်ပေးနေရတယ်လို့ ဆိုပါတယ်။
တပ်ရင်းမှူး အင်းဆားကူးက “အခုက တပ်ရင်းမှာ လူအရမ်းများလာပါပြီ။ အဲဒီအတွက် ကျနော်တို့ လက်နက်ခဲယမ်းကတော့ ဝယ်ယူမှုကို ရပ်ထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲဘော်များလာတာနဲ့အမျှ စားနပ်ရိက္ခာတွေ အခက်အခဲ ဖြစ်လာတဲ့အတွက်ပေါ့။ အခုစစ်မီးက ညောင်ရွှေမြို့နယ်ကို ကူးစက်လာပါပြီ။ အဲဒါက ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီအတွက် လက်နက်ခဲယမ်း အများကြီး လိုအပ်ပါတယ်။ ဒီအပေါ်မှာ လူကြီးတွေ ဘယ်လိုဖြေရှင်းပေးမလဲလို့ စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။
IPDF ဟာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ တပ်ရင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန (MOD)က လစဉ် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးထားပေမယ့် အသစ်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ စစ်ဝတ်တန်ဆာ ဆင်ယဉ်ပေးတာမျိုး မရှိသေးဘူးလို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒါ့အပြင် လစဉ် ထောက်ပံ့တဲ့ သိန်း ၁၀၀ ဟာလည်း ဒီနေ့ခေတ် ကုန်ဈေးနှုန်းအရ ရိက္ခာအတွက် ကုန်ကျစရိတ်ပင် မကာမိတာကြောင့် အင်းလေးဒေခံ ထောက်ပို့တွေကိုသာ အားကိုးနေရတယ်လို့ ဆိုပါတယ်။
“လက်နက်ခဲယမ်း မရှိတဲ့အတွက် ရဲဘော်တွေ စိတ်ဓါတ်ကျမှာ စိုးရိမ်ရတယ်။ အဲဒါကို အထက် NUG MOD လူကြီးပိုင်းတွေ အနေနဲ့ ဘယ်လို လုပ်ပေးမလဲလို့ ပူဆာစရာ ရှိတာ ပူဆာတယ်။ သို့သော်လည်း သင်တန်း အပတ်စဉ် ၂ ခု ရှိပါပြီ။ ဘာမှမထူးသေးပါဘူး။ ကျနော်တို့မှာ အပတ်စဉ် ၂ ခုလုံးအတွက် ဘာထောက်ပံ့မှုမှ မရသေးပါဘူး” လို့ ပြောပါတယ်။
ကရင်နီပြည် လွတ်မြောက်နယ်မြေ တစ်နေရာမှာ မေလ ၇ ရက်နေ့က IPDF အပတ်စဉ် ၈ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး တပ်သားသစ် ၁၀၀ ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
IPDF အနေနဲ့ အခြေခံ စစ်သင်တန်း ၄၅ ရက် သင်ကြားပြီးတဲ့နောက်မှာ တိုက်ခိုက်ရေးအပြင် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် ဆက်သွယ်ရေး၊ တိုက်ခိုက်ရေး၊ ဒရုန်း၊ ထောက်ပို့ ၊ မိုင်း စတဲ့ကဏ္ဍတွေမှာ တာဝန်ခွဲဝေပေးကာ သက်ဆိုင်ရာ သင်တန်းတွေ ဆက်လက် တက်ရောက်နိုင်ဖို့ ချိတ်ဆက်ပေးတယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။