အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြဆဲ ဖြစ်သည့် Non-CDM ဝန်ထမ်းအများစုမှာ အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်နေမှုကြောင်း ရရှိသည့်လစာငွေနှင့် မလောက်ငှဘဲ စားဝတ်နေရေးကျပ်တည်းလျှက်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများထံက သိရသည်။
လက်ရှိတွင် အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ကြက်သွန် စျေးနှုန်းများမှာ ယခင်ထက် သုံးဆကျော် မြင့်တက်နေသည့်အတွက် ရသည့် လစာငွေ ကျပ် ၁ သိန်း ၉ သောင်းကျော်ဖြင့် လစဉ်သုံးစွဲရန် မလောက်ငှတော့ကြောင်း ပုသိမ်မြို့ရှိ အောက်ခြေဝန်ထမ်းများထံက သိရသည်။
“တစ်ရက် တစ်ရက် စျေးဖိုးအတွက် သုံးရတဲ့ ကုန်ကျစရိတ်က တစ်သောင်း ဝန်း ကျင်ရှိတယ်။လစာက တစ်သိန်းကိုးသောင်း(၁၉၀,၀၀၀)ပဲရတာဆိုတော့ တစ်လတစ်လ အလျှင်မမီဘူး။ချေးရ ငှားရနဲ့ ရှာဖွေစားသောက်နေရတာပဲ။ကြက်သွန်နီတစ်ပိဿာ ၄,၀၀၀ ကျော် ၅,၀၀၀၊ ကြက်ဥ တစ်လုံးတောင် ၃၀၀ ဆိုတော့ အသက်ရှင်နေသရွေ့ ဒီလိုပဲ ရုန်းကန်နေရတာပဲ” ဟု ပုသိမ်မြို့ခံ အောက်ခြေဝန်ထမ်းတစ်ဦးက ပြောပါသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် Non-CDM ဝန်ထမ်းများကို ယခု အောက်တိုဘာ လကုန်မှ စတင်၍ လစဥ် ရှားပါးစာရိတ်အဖြစ် ကျပ် သုံးသောင်း တိုးမြှင့်ပေးမည်ဟု ဆိုထားပြီး ရုံးအုပ်အဆင့် ဝန်ထမ်းတစ်ဦးသည်ပင် နှစ်သိန်းခွဲကျော် (၂၅၀၀၀၀) သာရရှိ၍ အဆိုပါငွေနှင့် လစဥ် လောက်ငှမည်မဟုတ်ကြောင်း Non – CDM ဝန်ထမ်းများက ဆိုသည်။
“ဒီလကုန်ရင် လစာ သုံးသောင်းတိုးမယ်သာပြောတာ။ ဒီလစတိုးမယ်ဆိုတဲ့ သုံးသောင်း အပါမှ လစာက နှစ်သိန်းကျော် စွန်းစွန်းလေးဆိုတော့ အဆင်မပြေဘူး။ တစ်နေ့တစ်နေ့ စျေးဖိုးတင် တစ်သောင်း ပတ်ချာလည်မို့ တစ်လ သုံးသိန်းပဲ။ အာဏာမသိမ်းခင်ကမှ စုနိုင် ဆောင်းနိုင်သေးတာ။ ခုတော့ စုဖို့နေနေသာသာ လကုန်ရင် ပြီးခဲ့တဲ့လက အကြွေးဆပ်ဖို့ပဲ တွက်နေရတယ်”ဟု ရန်ကုန်မြို့ရှိ Non – CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်
လက်ရှိကာလပေါက်စျေးအရ အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆီတစ်ပိဿာ လျှင် ကျပ် ၆,၀၀၀ မှ ကျပ် ၁၅,၀၀၀ အထိရှိနေပြီး ကြက်သွန်နီ တစ်ပိဿာလျှင် ၄,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ဆယ်သားလျှင် ကျပ် ၁,၀၀၀၊ ဆန်ကြမ်းတစ်အိတ်လျှင်ပင် ကျပ် ၅၀,၀၀၀ ဝန်းကျင်မှ ကျပ်တစ်သိန်းအထိရှိနေကြောင်း ပုသိမ်မြို့ခံ ကုန်စုံဆိုင်များထံက သိရသည်။