ပညာရေးဝန်ကြီးဌာနထံမှ ပညာရေးဆိုင်ရာ ထောက်ပံ့ကြေးရယူထားသည့် နွမ်းပါး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသားများအားလုံး စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်ထားပြီး စစ်မှု မထမ်းဘဲ ရွှေ့ဆိုင်းနေလျှင် ငွေကျပ် သိန်း ၈၀ လျှော်ကြေးပေးရမည်ဖြစ်ကြောင်း သိရှိရသည်။
လတ်တလောရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော စာရင်းများအရ ပုသိမ်တက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ မန္ဆလေးတိုင်းအတွင်းရှိ တက္ကသိုလ်တချို့တို့တွင် ပညာရေးဝန်ကြီးဌာနထံမှ အစိုးရထောက်ပံ့ကြေး ယူ ကျောင်းတက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို လာမည့် ဧပြီလကုန် စတင်မည့် စစ်မှုထမ်းခေါ်ယူမှုများတွင် လျှောက်လွှာ တင်ခိုင်းနေကြောင်း သိရှိရသည်။
“ဧရာဝတီတိုင်းမှာရှိတဲ့ အစိုးရထောက်ပံ့ကြေးယူခဲ့တဲ့၊ ယူနေတဲ့ ဆင်းရဲနွမ်းပါး တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို စစ်မှူထမ်းဖို့စည်းရုံးပါတယ်။ သူတို့ခေါ်တဲ့အချိန် စစ်မှုမထမ်းဘဲ ရွှေ့ဆိုင်း ပျက်ကွက်ရင် လျှော်ကြေးသိန်း ၈၀ ပေးရမယ်။ အစိုးရ ထောက်ပံ့ကြေး ပေးတော့ တစ်လမှ ၃၀၀၀၀ ကျပ်ပါ။ မိဘနဲ့ကျောင်းသားတွေစိတ်ဒုက္ခရောက်နေရပါပြီ” ဟု မအူပင်တက္ကသိုလ်မှ အစိုးရထောက်ပံ့ကြေးယူခဲ့သူ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
အလားတူ အစိုးရထောက်ပံ့ကြေးယူ ဘွဲ့ရခဲ့ကြသည့် ဆင်းရဲနွမ်းပါး ဘွဲ့ရ လူငယ်များအားလုံးကိုလည်း လာမည့် ဧပြီလကုန် စတင်မည့် စစ်မှုထမ်းများ ခေါ်ယူချိန်တွင် လျှောက်လွှာတင်ကြရန် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် အကြောင်းကြားနေကြောင်း သိရှိရသည်။
“မန္တလေးတိုင်းထဲမှာရှိတဲ့ တက္ကသိုလ်တွေကနေ ထောက်ပံ့ကြေးယူ ဘွဲ့ရခဲ့တဲ့ လူငယ်တွေ အားလုံး စစ်မှုထမ်း လျှောက်လွှာတင်ဖို့ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေက အကြောင်းကြားစာတွေပို့ပါတယ်။ ပျက်ကွက်လို့မရဘူး။ မပျက်မကွက် လျှောက်လွှာ တင်ရမယ်လို့ ပြောပါတယ်” ဟု မန္ဆလေးတိုင်း၊ အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာမှ လူငယ်တစ်ဦးက ရှင်းပြသည်။