ရန်ကုန်မြို့မှာ လပေါင်းအတော်ကြာအောင် လျှပ်စစ်မီး အကြီးအကျယ်ပျက်နေတဲ့အတွက် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်နဲ့ လျှပ်စစ်ဝန်ကြီးကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်တဲ့အတွက် အဖမ်းခံရပြီး တရားစွဲခံရတာလို့ မိသားစုနဲ့နီးစပ်တဲ့ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။
ဒီနေ့ မေလ ၂၉ ရက်နေ့မှာ အဆိုတော်ဗျူဟာကို မြောက်ဒဂုံမြို့နယ်တရားရုံးကိုခေါ်ထုတ်သွားပြီး ပုဒ်မတပ်တရားစွဲသလို၊ ဇွန်လ ၉ ရက်နေ့ကို နောက်ရုံးချိန်းပေးလိုက်တယ်လို့ ပြောပါတယ်။
ဒီနေ့အထိ သူ့ကိုမြောက်ဒဂုံရဲစခန်း အချုပ်မှာပဲထားပြီး မိသားစုနဲ့တွေ့ခွင့်ရတယ်လို့ ဆိုပါတယ်။ အခုတရားစွဲခံရတဲ့အမှုအတွက် ရှေ့နေမငှားတော့ဘူးလို့လည်း သိရပါတယ်။
ဒါပေမဲ့ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ဖခင် တေးရေး/တေးဆို ဆရာနိုင်မြန်မာကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်မှာ အိမ်ကိုသွားပြီး ရှာဖွေခဲ့ပါတယ်။ အဲဒီအချိန်က ဆရာနိုင်မြန်မာ အိမ်မှာမရှိတဲ့အတွက် သူ့ဇနီး ဒေါ်ဝါဝါလွင်ကို ဖမ်းခေါ်သွားပြီး မြောက်ဒဂုံရဲစခန်းမှာ ၁၀ နာရီ လောက်ကြာအောင် စစ်ဆေးမေးမြန်းတယ်လို့ သိရပါတယ်။ ဘာတွေမေးမြန်းလဲဆိုတာတော့ မသိရသေးပါဘူး။
ဒါကြောင့် ဆရာနိုင်မြန်မာအနေနဲ့ အန္တရာယ်ကျနိုင်လို့ ဘေးကင်းနိုင်မယ့်နေရာမှာ တိမ်းရှောင်နေရပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော်ဗျူဟာရဲ့အမည်ရင်းက ကိုမင်းအုပ်မြန်မာဖြစ်ပါတယ်။ သူဟာ အဖမ်းမခံရခင်က အသက် ၃၁ နှစ်အရွယ် ဇနီးသည် မခင်ချစ်ကြည်၊ အသက် ၁၀ နှစ်အရွယ် သမီးငယ် မဓာတုမြန်မာနဲ့ အသက် ၈ နှစ် အရွယ်သားငယ် မောင်ဂုဏ်ရောင်မြန်မာတို့နဲ့အတူ မြောက်ဒဂုံမြို့နယ်၊ ဗထူးအိမ်ယာမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီက တရားစွဲထားတဲ့ ပုဒ်မ ၅၀၅ (က)နဲ့ သူ့ကိုအမိန့်ချမယ်ဆိုရင် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ခြေရှိနေပါတယ်။ အဖမ်းခံရချိန်က ညှဉ်းပန်းနှိပ်စက်ခံရလို့ မျက်နှာတွေဖူးယောင်နေပြီး အခုတော့ သက်သာပျောက်ကင်းနေပြီလို့လည်း သိရပါတယ်။