လျှပ်စစ်မီးပြတ်တောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီကိုဝေဖန်ပြောဆိုခဲ့တဲ့ အဆိုတော် ဗျူဟာကို အင်းစိန်စစ်ခုံရုံးက ထောင်ဒဏ်နှစ်(၂၀)ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၂၅) ရက်နေ့က ရန်ကုန်မြို့မှာ လျှပ်စစ်မီးပုံမှန်မရရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခံခဲ့ရတာပါ။
အဆိုတော်ဗျူဟာကို စစ်ကောင်စီက ပုဒ်မ – ၅၀၅(က)နဲ့ တရားစွဲထားပေမယ့် နောက်ပိုင်းမှာ ပုဒ်မ (၁၂၄) ထပ်တိုးပြီး အမှုဖွင့်ထားတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။
“အင်းစိန် စစ်ခုံရုံးကအမိန့်ချလိုက်တာပါ။ ကျန်းမာရေးကောင်းတယ်လို့တော့ သိရတယ်။ မိသားစုနဲ့ ပေးမတွေ့ဘူးလို့လည်း သိရတယ်” လို့ အဆိုတော်ဗျူဟာမိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်တလောမှာတော့ အဆိုတော်ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ဦးနိုင်မြန်မာရဲ့ သဘောထားမှတ်ချက်ကို တောင်းခံထားပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရ သူ (၂၅၀၀၀) နီးပါးရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြထားပါတယ်။