အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့ ပြည်သူတွေကို မဟာမိတ်တွေနဲ့ ချိတ်ဆက်ပြီး ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နေရာချထားပေးတယ်လို့ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
အခုလို ချိတ်ဆက်ပို့ဆောင်ပေးနေသူတွေက တကသများ – ရန်ကုန် /ကျောင်းသားလက်ရုံး တပ်တော်ဆီ တိမ်းရှောင်ခိုလှုံလာရေးအတွက် ဆက်သွယ်ရောက်ရှိလာသူတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
” ပြည်သူများနှင့် ကျောင်းသားလက်ရုံးတပ်တော်တွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် ရဲဘော်များ၏ မိသားစုဝင်များကို ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားစစ်ဒေသများနှင့် လက်တွဲတိုက်ပွဲ၀င်လျက်ရှိသော မဟာမိတ်များ၏ ထိန်းချုပ်နယ်မြေများ၌ နေရာချထားပေး လျက်ရှိပါသည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထွေထွေအကျပ်အတည်းကိုရင်ဆိုင်ခံစားနေရတဲ့ ပြည်သူလူထုကို ခိုလှုံနိုင်ဖို့နဲ့ ကာကွယ် စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းစဥ်တွေအပြင် အခြေခံစားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ အိမ်တွေ ဆောက်လုပ်ပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဥ်တွေကို တကသ များ-ရန်ကုန်၊ ကျောင်းသားလက်ရုံးတပ်တော်တို့က ပြုလုပ်ပေးနေတာပါ။
ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးစွန်သောဖိနှိပ်မှုကြောင့် အသက်ရှင်ရပ်တည်ဖို့နဲ့ လုံခြုံ ဘေးကင်းရေးတို့အတွက် စိုးရိမ်မကင်းဖြစ်နေတဲ့ ဖိနှိပ်ခံလူထုတရပ်လုံးက မိသားစုလိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက်ရာလှုပ်ရှားစစ်ဒေသတွေနဲ့ လက်တွဲ တိုက်ပွဲ၀င်နေတဲ့ မဟာမိတ်နယ်မြေတွေမှာ ခိုလှုံနိုင်ဖို့ တ.က.သ များ – ရန်ကုန်၊ ကျောင်းသား လက်ရုံးတပ်တော်တို့ဆီ ဆက်သွယ်နိုင်ပြီး ကူညီစောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။