ရခိုင်ပြည်နယ်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ရက္ခိုင့်တပ်တော်(AA)က ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။
အနောက်တိုင်းပိုင်းစစ်ဌာနချုပ်ဝင်းအတွင်း စစ်ရေးပစ်မှတ်နေရာ သုံးနေရာကို ဧပြီလ ၉ရက်ညတွင် တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရင်းမြစ်ကပြောသည်။
“ဒရုန်းသုံးပြီးတိုက်ခိုက်တာပါ။လေယာဉ်ပြေးလမ်းကိုလည်းထိတယ်။ ကျန် ပစ်မှတ်ကိုလည်း နီးနီးကပ်ကပ် ထိပါတယ်။ထိခိုက်မှုကိုတော့မသိရဘူးပေါ့” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်မှုရှိကြောင်း ဒေသခံများ၏ပြောစကားကိုကိုးကား၍ ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနအချို့ကရေးသားထားသည်။
AA၏ ဒရုန်းတိုက်ခိုက်မှုစွမ်းရည်သည် အဆင့်မြင့်ကြောင်း စစ်ရေးလေ့လာသူအချို့ကပြောသည်။
ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးတွင်ဖေဖော်ဝါရီလ ၇ရက်နှင့်၈ရက်က ဖြစ်ပွားခဲ့သည့်ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ် စီးအား AAက နှစ်မြုပ်တိုက်ခိုက်ရာ၍ AAက ဒရုန်းများလည်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့ခြင်းဖြသ်ကြောင်း AAကရေကြောင်းတိုက်ပွဲ အောင်မြင်မှုအပေါ်ထုတ်ပြန်ခဲ့သည်။
အမ်းမြို့နယ်မှ စစ်ကောင်စီစခန်းအချို့ကိုAAက ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစတင်၍ တိုက်ခိုက်ခဲ့သည်။အမ်းမြို့တွင်ခလရ(၃၇၂)၊ ခလရ(၃၇၃)နှင့် ခလရ(၃၇၁) တပ်ရင်းများရှိနေပြီး ကဇုကိုင်းကျေးရွာအနီးတွင် တောဟိန်းတောင်ဗျူဟာတပ်စခန်းရှိသည်။ ယင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၈ ရက် ညနေတွင် ၎င်းတို့၏ တပ်စခန်းကို ၎င်းတို့ကိုယ်တိုင်မီးရှို့ကာ ထွက်ပြေးသွားခဲ့ကြသည်ဟု AA က ထုတ်ပြန်ထားသည်။ ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောဟိန်းတောင်ဗျူဟာတွင် ပြန်လည်တပ်စွဲခဲ့ရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ထိုအပြင် မတ်လကုန်ပိုင်းနှင့် အမ်းမြို့နယ်နှင့်ထိစပ်နေသော မကွေးတိုင်း ငဖဲမြို့နယ်တွင် အမ်းသို့စစ်ကူလာသောစစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်အထိနာခဲ့သည်။ထိုနောက် AA ကစစ်တပ် လူနှင့်ရိက္ခာပို့ရန်ကြိုးစားနေသည့် အမ်း-ပဒါန်းလမ်းကို AA က ဧပြီ ၂ ရက်မှစကာ အကန့်အသတ်မရှိ ပိတ်ထားသည်။
အလားတူ နပခအနီးရှိနတ်စင်တောင်အနီး၌လည်း ဧပြီလဆန်းမှစ၍ တိုက်ပွဲပြင်းထန်နေနေပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
နပခကို စစ်ရေးအရခြိမ်းခြောက်ခံနေရသည့် စစ်ကောင်စီတပ်က မတ်လ တတိယလပတ်ထဲတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား ရာထူးမှဖယ်ရှားကာ ၎င်း၏နေရာတွင် ခြေမြန်တပ်မဌာနချုပ် တပ်မ(၇၇ )တပ်မမှူးဗိုလ်မှူးချုပ်ကျော်စွာဦးအား အစားထိုးခဲ့သည့်။
(ရက္ခိုင့်တပ်တော်(AA) က ရပခ ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ပါက စစ်အုပ်စု၏တိုင်းစစ်ဌာနချုပ်ကိုပထမဆုံးသိမ်းပိုက်နိုင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်လာမည်ဖြစ်သည်။ဓါတ်ပုံ-AA Info Desk )