အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့မှာ အန်ဂိုလာအမျိုးသားလွှတ်တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ General Debate အစီအစဉ်ကို မနေ့က မွန်းလွဲပိုင်း မှာ ပြုလုပ်ခဲ့ရာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေး တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်မှုများ၊ CRPH အပါအဝင် ပြည်သူများနဲ့ တော်လှန်ရေးအင်အားစုများက မင်းအောင်လှိုင်မှ လက်နက်အားကိုးနဲ့ လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုကို ခုခံကာကွယ်နေမှုများနဲ့ ဒီမိုကရေစီရရှိရေး တစ်ခုတည်းသာမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ရေး ကြိုးပမ်းနေမှုများ” ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါအပြင် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းကို “မြန်မာနိုင်ငံရဲ့ အခြေအနေများနဲ့ စပ်လျဉ်းတဲ့ သက်ဆိုင်ရာ လွှတ်တော်များမှာ ထုတ်ဖော်ပြောကြားပေးရန်၊ အကြမ်းဖက်မှုများအဆုံးသတ်နိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီအား ပိုမိုဖိအားပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန်နဲ့ ဒီမိုကရေစီအင်အားစု များထံသို့ ငွေကြေးနဲ့ နည်းပညာအကူအညီများ ပေးအပ်ရန်” တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
(၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၃ ရက်ကနေ ၂၇ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံအစည်းအဝေးများ၊ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ အမြဲတမ်းကော်မတီအစည်းအဝေးများနဲ့ ဆက်စပ်အစည်းအဝေးများကို ပါဝင်တက်ရောက်ခြင်းအပြင် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ တာဝန်ရှိသူများ၊ ညီလာခံတက်ရောက်လာတဲ့ ကိုယ်စာလှယ်အဖွဲ့များနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြတဲ့ ဒေါက်တာဝင်းမြတ်အေး (ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် -၅)၊ ဦးနေမျိုးထက် (ကျောက်တံတားမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး) နဲ့ ကိုယ်စားလှယ်အဖွဲ့ အကြံပေးအဖြစ် ဒေါက်တာမြသီတာတို့ ပါဝင်တက်ရောက်လျက်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။