ကရင်နီပြည်နယ်အတွင်းက အဖိုးတန် သတ္တုတွေ ထွက်ရှိတဲ့ မော်ချီးဒေသကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့က စစ်မတိုက်ရဘဲ KNDF ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
ကရင်နီပြည်စစ်ရေး အခြေအနေသတင်းထုတ်ပြန်ချက်မှာ အဲဒီလို အသိပေးဖော်ပြလိုက်တာပါ။
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စခန်းကုန်တွေအားလုံးက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့ရဲ့ တပ်စွဲရာနေရာတွေ၊စခန်းတွေအားလုံးကို စွန့်ပစ် ဆုတ်ခွာထွက်ပြေး သွားခဲ့တာပါ။
ဒါ့အပြင် ဇန်နဝါရီလ တတိယအပတ်မှာ ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နဲ့ ဘောလခဲမြို့ အကြားရှိ (၁၂) မိုင်ကုန်း ပကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ် နိုင်ခဲ့ပါတယ်။
KNDFက မယ်စဲ့မြို့နယ်ကိုလည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည် ရှိ မြို့နယ်အသီးသီးမှာ စစ်ရှိန်မြင့်တက်နေတယ်ဆိုတာနဲ့ ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲတွေ ပြင်းထန်တာပါ။
ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့တို့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးဆင်နွဲ တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးနိုင်ခဲ့သလို ဖယ်ခုံနှင့်မိုးဗြဲမြို့တို့ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ မြို့ကို ထိန်းချုပ် နိုင်စွမ်းမရှိတော့တဲ့ အခြေအနေဖြစ်နေကာ ၄င်းတို့ရဲ့ တပ်ရင်းထဲမှာသာ ခိုအောင်းတပ်စွဲနိုင်တော့တယ်လို့ KNDFက ဖော်ပြပါတယ်။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက (၁၁.၁၁) စစ်ဆင်ရေးဆင်နွဲခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ကနေ ကရင်နီက လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲ၊ ရှားတော၊ ဘောလခဲမြို့နဲ့ ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေက အကြမ်းဖက် စစ်တပ်စခန်း(၂၀)ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
လက်ရှိမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ မြေပြင်မှာ အသာစီးရနေတာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကိုသာ အားထား တိုက်ခိုက်နေလို့ ပြည်သူတွေ လှုံခြုံရေးသတိရှိကြဖို့ကိုလည်း အသိပေးထားပါတယ်။