မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်ရင်း သုံးခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက မတ်လ ၂၃ရက်ညပိုင်း သတင်းဖော်ပြသည်။
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယာန်မြို့နယ်ခွဲ ကုန်းလောကျေးရွာနှင့် နောင်ကောန်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ၃ခုကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
နောင်ကောန်ကျေးရွာရှိ အမြောက်တပ်(၃၇၀) စခန်းကို မတ်လ ၂၃ရက်တွင် အပြီးသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။
အမြောက်တပ်(၃၇၀)၊ ခမရ(၄၃၈)၊ အမှတ်(၆၁၆) ဒုံးတပ်ရင်းတို့ကို KIAက မတ်လ ၂၁ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ယင်းနေ့ ခမရ( ၄၃၈)၊ ဒုံးတပ်ရင်း (၆၁၆)စခန်းကို သိမ်းနိုင်ခဲ့ပြီး စစ်ဆင်ရေးသုံးရက်မြောက်တွင် အမြောက်တပ် (၃၇၀)ကို သိမ်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေများကို ဖော်ပြထားခြင်းမရှိပေ။
KIAသည် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီး ခလရ(၁၄၁) တပ်ရင်းနှင့် ဆွမ်ပရာဘွမ် အခြေစိုက် စစ်ကောင်စီဗျူဟာစခန်းကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေဆဲဖြစ်သည်။
KIA၏ မတ်လ ၇ရက် စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ၏ အရေးကြီးသည့် ဗျူဟာစခန်း ၁၀ ခု ကျော်အပါအဝင် တပ်စခန်း ၃၀ကျော်သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။