“စစ်ကောင်စီအတွက်တော့ ရေသောက်မြစ်ဖြတ်ခံလိုက်ရတာပါ သက်ရောက်မှုပိုကြီးလာလိမ့်မယ်။ နိုင်ငံရဲ့ သွင်းကုန်၊ပို့ကုန်ဖြတ်သန်းငွေတွေကတော့ ပိုနည်းလာလိမ့်မယ်”-လုပ်ငန်းရှင်တစ်ဦး
အမေရီကန်အစိုးရကစစ်ကောင်စီ ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB ) နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်ပြီး ဇွန် ၂၀ ရက်တွင် စတင်အသက်ဝင်မည့်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်တစ်ခုအရ သိရသည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Thai PBSက ရေးသားထားသည်။
ပိတ်ဆို့အရေးယူမှုအသစ်များသည် စစ်အာဏာရှင်များ၏ ငွေကြေးဝင်ရောက်ခွင့်ကို ကန့်သတ်ရန် ရည်ရွယ်ပြီး စစ်ကောင်စီစစ်တပ်က ပြည်သူများကို အကြမ်းဖက်မှုနှင့် စစ်ဆင်နွှဲနိုင်သည့် စွမ်းရည်များကို လျှော့ချရန်အတွက် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။
ရေနံနှင့်သဘာဝအရင်းအမြစ်များတင်ပို့မှုမှရရှိသောစစ်ကောင်စီအတွက် ၀င်ငွေနှင့် နိုင်ငံခြားငွေများကို အနောက်နိုင်ငံများက ဖြတ်တောက်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
စစ်တပ် အာဏာသိမ်း ပြီးနောက်အမေရိကန်အစိုးရသည်စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု များစွာချမှတ်ထားသည်။ ဒီမိုကရေစီလိုလားသော အနောက်နိုင်ငံများနှင့် ပူးပေါင်း၍ စစ်ကောင်စီအပေါ် တိုး၍ဖိအားပေးနေပြီး စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့ လုပ်ဖော်ကိုင်ဖက်များကိုဆက်တိုက်ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။
MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခပ်အရေးယူလိုက်သောကြောင့်အမေရိကန်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများသည် အဆိုပါဘဏ်နှစ်ခုနှင့်လုပ်ငန်းများဆောင်ရွက်ခြင်းပြုလုပ်၍ ရတော့မည်မဟုတ်ပေ။
“စစ်ကောင်စီအတွက်တော့ ရေသောက်မြစ်ဖြတ်ခံလိုက်ရတာပါ သက်ရောက်မှုပိုကြီးလာလိမ့်မယ်။ နိုင်ငံရဲ့ သွင်းကုန်၊ပို့ကုန်ဖြတ်သန်းငွေတွေကတော့ပိုနည်းလာလိမ့်မယ်။ အရင်ကတည်း တစ်ဒေါ်လာကို ၂၁၀၀သတ်မှတ်ထားလို့နည်းတာကနေ။အခု ပိတ်ဆို့တာကြောင့်ပိုနည်းသွားလိမ့်မယ်။”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပြောသည်။
ထိုကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားငွေလိုအပ်ချက်ပိုမိုကြီးမားလာမည်ဟု ၎င်းကသုံးသပ်သည်။
ပြည်တွင်း၌ပို့ကုန်သွင်းကုန် လုပ်သောလုပ်ငန်းများသည် အဆိုပါဘဏ် ၂ ဘဏ်တွင်ငွေစာရင်းဖွင့်ရပြီး ၊ပြည်ပသို့ပိုကုန်ရောင်းချရာမှရသော ဒေါ်လာများထဲမှ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီထံ ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့်မဖြစ်မနေရောင်းချနေရခြင်းဖြစ်သည်။