အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်း၍ ကျင်းပခဲ့ပြီး ခွပ်ဒေါင်းအလံတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်များကို အမေရိကန်အလံ၊ ကာလီဖိုးနီးယားပြည်နယ်အလံများနှင့်အတူ ပူးတွဲတင်ရှိခဲ့ကြောင်း သိရှိရသည်။
ဘာသာရေးခေါင်းဆောင်များမှ ကျဆုံးခဲ့သော အာဇာနည်အပေါင်းအား ဆုတောင်းမေတ္တာပို့ခြင်း၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းအပေါင်းအား ရည်စူး၍ PDF အလံတော်များကို စိုက်ထူခြင်း၊ တက်ရောက်လာသော ၈၈ မျိုးဆက် အင်အားစုများ၊ ဒီမိုအင်အားစုများ မှ ချီတက်ဆန္ဒပြခြင်း၊ ၈၈၈၈ ကာလ အခြေအနေနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကို နှိုင်းယှဉ်ပြီး ဟောပြောခြင်းများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။