အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယနေ့(အောက်တိုဘာ ၈) အသီးသီး ပြုလုပ်ခဲ့သည်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ ရန်ပုံငွေဘောလုံးပြိုင်ပွဲကို Free Burma Action Committee-Northern California မှ ဦးဆောင်၍ NUG ဝန်ကြီးချုပ်ဖလားအမည်ဖြင့် ကျင်းပခဲ့ပြီး ရရှိသည့် အလှူငွေများကို အမျိုးသား ညီညွတ်ရေးအစိုးရနှင့် မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်မှုလုပ်ငန်းရပ်များကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူက ဆိုသည်။
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင်လည်း မြန်မာများက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြပွဲကို ဒယ်ဂူး ဆရာတော်လည်း တက်ရောက်ခဲ့ပြီး နွေဦးတော်လှန်ရေးကို အချိန်တိုအတွင်း အောင်မြင်ပြီးမြောက်ရန် အချောင်စိတ်ဓာတ်မမွေးဘဲ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ထောက်ပို့ငွေကြေးများ ထောက်ပို့ကြရန်လည်း မိန့်ကြားခဲ့သည်။