မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၁၆ သန်းပေးအပ်မယ်အမေရိကန်နိုင်ငံက ထုတ်ပြန်လိုက်တာကို မျိုးသားညီညွတ်ရေးအစိုးရ က ကြိုဆိုလိုက်ပြီး နိုင်ငံတကာအနေနဲ့ ဒီထက်ပိုပြီး ကူညီပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေများပြားလာတဲ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးလာတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ရည်ရွယ်ပြီး အခုလိုကူညီမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်မှာထုတ်ပြန်ထားပါတယ်။
“ဒီရန်ပုံငွေတွေက မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းအကျပ်အတည်းဒဏ်ခံရသူတွေအတွက် အကူအညီဖြစ်စေဖို့ရည်ရွယ်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူပြီးချိန်ကစတင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အမေရိကန်နိုင်ငံဟာ စစ်အာဏာရှင်တွေနဲ့ ၎င်းတို့နဲ့ဆက်စပ်နေတဲ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခြင်း၊ ဖိအားပေးခြင်း စသဖြင့် ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကစတင်ပြီး လက်ရှိအထိ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံကျော်ကူညီထားကြောင်းလည်း သိရပါတယ်။