အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာများက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ ယနေ့ (စက်တင်ဘာ ၁၀) အသီးသီး ပြုလုပ်ခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့တွင် Free Burma Action Committee မှ ဦးဆောင်၍ (၁၁၁) ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲအဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြပွဲတွင် ပြည်ပရောက် မြန်မာများက (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြည်သူများမှ ရွေးကောက်တင်မြောက်ထားသည့် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်တာဝန်ထမ်းဆောင်ခွင့် အပြည့်အဝရရှိစေရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ ဦးဆောင်ကာ သံအမတ်ကြီးဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါပွဲတွင် UN Credential Campaign – လူထုလှုပ်ရှားမှုအဖြစ် “ငါတို့အားလုံးရဲ့ သံအမတ်ကြီးသည် ငါတို့အားလုံးရဲ့ အသံဖြစ်သည်” စာသားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ရန်နှင့် ဦးကျော်မိုးထွန်းအား သံအမတ်အဖြစ် ဆက်လက်ထားရှိရန် ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ယင်း Campaign လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတို့က ဆိုသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်လည်း မြန့်မာဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် Myanmar Federal Democratic Mission Coalition (MFDMC) နှင့် ကိုရီးယားအဖွဲ့အစည်းများမှ ပူးပေါင်း၍ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအရေး ဟောပြောခြင်းနှင့် နှစ်နိုင်ငံ ရိုးရာဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော တော်လှန်ရေး အကြောင်းအရာများကို ကိုရီးယားနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပိုမိုသိရှိစေရန် ရှင်းလင်းဟောပြောခြင်းနှင့် မြန်မာ့ယဥ်ကျေးမှု၊ အကအလှဖျော်ဖြေရေးများနှင့် ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်။