ရခိုင်ပြည်နယ်အမ်းမြို့ ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး တောဟိန်းတောင်စစ်ကောင်စီဗျူဟာကုန်းကို အာရက္ခတပ်တော်(AA )က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးထိခိုက်မှုများကာ စစ်သုံ့ပန်းများလည်း ဖမ်းမိကြောင်း သတင်းရရှိသည်။
“တောဟိန်းတောင်ဗျူဟာကို တပ်တော်ကရပါပြီ။ လနဲ့ချီတိုက်ခဲ့ရတာပါ။ သုံ့ပန်းတွေလည်း ရထားတယ်လို့ သိရပါတယ်” ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်က ပြော
သည်။
အမ်းမြို့နယ်၊ကဇုကိုင်းကျေးရွာအနီးရှိ တောဟိန်းတောင်၌ အခြေချထားသော တောဟိန်းတောင်ဗျူဟာတပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းမှစတင်၍ AAက တိုက်ခိုက်ခဲ့သည်။ဖေဖော်ဝါရီ ၁၈ ရက်ညနေတွင် စစ်ကောင်စီက စခန်းအား ကိုယ်တိုင်မီးရှို့ကာ ထွက်ပြေးသွားခဲ့ကြသည်ဟု စခန်းအတွင်း မီးလောင် နေသော ရုပ်သံမှတ်တမ်းနှင့်အတူ AAက ထုတ်ပြန်ခဲ့သည်။
သို့သော်ရက်အနည်းငယ်ကြာ၌ စစ်ကောင်စီကပြန်လည်တပ်စွဲခဲ့ပြီး တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။
ထို့နောက် ပြီးခဲ့သည့် ဧပြီလ ၂၅ရက်က သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း AAနှစ်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသော်လည်း AAက တရားဝင်သတင်းမထုတ်ပြန်သေးပေ။
လူမှုကွန်ရက်တွင် မြင်တွေ့ရသည့် ရုပ်သံဖိုင်၌ စစ်ကောင်စီက အခိုင်အမာပြုလုပ်ထားသည့် ဘန်ကာအတွင်းမှ စစ်တပ်မိသားစုဝင် အမျိုးသမီးများ၊ ကလေးငယ်များ ထွက်လာနေပြီး AAတပ်ဖွဲ့ဝင်များက ထိန်းကျောင်းခေါ်ဆောင်နေသည်ကို တွေ့ရသည်။
ဗျူဟာကုန်းအား ဆုံးရှုံးသွားသည့်စစ်ကောင်စီတပ်က
တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသည့် အမ်းမြို့နယ် ရှိအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ခမရ(၃၇၃)၊ ခမရ (၃၇၂)၊ဆောက်လုပ်ရေးအင်ဂျင်နီယာ (GE)တပ်များမှနေ၍ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သတင်းရရှိသည်။
“ဗျူဟာက ရနေပြီ။ ထွက်ပြေးတာတွေကို လိုက်ရှင်း၊လိုက်ဖမ်းနေတယ်။ လက်နက်မချရင်တော့ တပ်တော်က ပြောသလို လုပ်မှာ”ဟု အမ်းမြို့ဒေသခံတဦးကပြောသည်။
အမ်းမြို့မှ စခန်းများ တိုက်ခိုက်ခံရပါက ဒရုန်းဗုံးအန္တရာယ်ခံနိုင်ရည် ရှိအောင် ဗုံးခို ကျင်းများ အခိုင်အမာ တည်ဆောက်ရန် ယခု အနားပေးခံထားရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထင်လတ်ဦက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ညွှန်ကြားခဲ့သည်။
သိုသော် ရခိုင်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က မတ်လ တတိယလပတ်ထဲတွင်ဗိုလ်ချုပ်ထင်လတ်ဦးအား ရာထူးမှဖယ်ရှားလိုက်ပြီးဗိုလ်မှူးချုပ်ကျော်စွာဦးအား အစား
ထိုးခဲ့သည်။
ယခုအခါ စစ်ကောင်စီနှင့် AAသည် အမ်းမြို့နယ်အပြင် သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရန် အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ထိုအတောအတွင်းဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ဧပြီ ၂၆ရက် မှစ၍ ည ၇နာရီ မှ နံနက် ၆နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်ကို AAက ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း၊စစ်ကူပေးရန် ၊လေကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသားနေကြသည်။