အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Igor Driesmans တို့အကြား နိုဝင်ဘာ ၂၇ ရက်မှာ တွေ့ဆုံပြီး မြန်မာ့ အရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရပ်ရပ်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကိစ္စများ၊ EU ရဲ့ ကူညီပံ့ပိုးမှုများနဲ့ စပ်လျဥ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲအပြီးမှာ သံအမတ်ကြီး Igor Driesmans က ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည် တည်ဆောက်လိုသော ဆန္ဒရှိတဲ့ မြန်မာလူထုနဲ့ အတူတကွ အခိုင်အမာ ရပ်တည်သွားမှာဖြစ်တယ်လို့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
ဒါအပြင် ယာယီသမ္မတ ဒူဝါလရှီးလကလည်း မြန်မာလူထုနဲ့ နွေဦးတော်လှန်ရေးအပေါ် အခိုင်အမာ အားပေး ထောက်ခံတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက် ရေး၊ တည်ငြိမ်မှု၊ တရားမျှတမှုနဲ့ ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေးတို့ကို လူမျိုးစုမဟာမိတ်များနဲ့ အတူလက်တွဲပြီး ဖော်ဆောင်သွားရန် အဆင်သင့်ရှိနေပါကြောင်း လူမှုကွန်ယက်မှာ ရေးသားခဲ့တယ်လို့ ထုတ်ပြန်အသိပေးခဲ့ပါတယ်။