အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူကို ဗဟိုပြုတဲ့ စံတန်ဖိုးများကို ဖော်ဆောင်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရန် ရည်မှန်းထားတာနဲ့ အညီလွတ်လပ်တဲ့ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ် လိုက်နာကျင့်သုံး လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ အလွန်ခိုင်မာ ပြီး နီးကပ်တဲ့ဆက်နွှယ်မှု အစဉ်အလာများရှိတယ်ဆိုတာနဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီး နိုင်ငံ ဖြစ်တဲ့ အားလျော်စွာ မြန်မာနိုင်ငံအတွက် အထူးအရေးပါတဲ့ နိုင်ငံဖြစ်ကြောင်း ခံယူထားတယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံ နယ်နမိတ် ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံကြား စစ်မှန်တဲ့ “ဆွေမျိုး – ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမှာဖြစ်သလို တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး မြန်မာနိုင်ငံက အမြဲကြိုးပမ်း ရပ်တည်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။
ဒါအပြင် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမှာ ဖြစ်ပြီး နှစ်နိုင်ငံကြား ပြည်သူနဲ့ပြည်သူ ဆက်ဆံရေးကို အလေးထားလျက် အပြန်အလှန်ချစ်ကြည်မှု ၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အစွမ်းကုန်မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်သဖြင့် ထိန်းသိမ်း၊ မြှင့်တင်၊ ဆောင်ရွက်သွားမယ်ဆိုတာနဲ့ နှစ်နိုင်ငံပြည်သူများရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေး ကိုမျှော်ရည်လျှက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနဲ့ အခြားလူမှုစီးပွားလုပ်ငန်းများရဲ့ လုံခြုံရေးကို ထိန်းသိမ်း ကာကွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။
အိမ်နီးချင်းနိုင်ငံများရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မည်သည့် အဖွဲ့အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုကြောင်း ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့တဲ့ စာချုပ်များ အားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူ ဆက်ခံမှာဖြစ်ကြောင်း နဲ့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှု လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်းပြီး တိုက်ဖျက်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။