ပြည်သူ့ညီလာခံမှ ချမှတ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ လိုက်နာ အကောင်အထည်ဖော်ရန် အဆိုပြုချက်နဲ့ အကြံပြုချက်များကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ တော်လှန်ရေးရဲ့ ဖြစ်ပေါ်နေသော တိုးတက်မှုများနဲ့ အညီ နိုင်ငံရေးဦးဆောင်မှု ပိုမိုအား ကောင်းလာစေရေး၊ မူဝါဒထိန်းညှိမှု ပိုမိုကောင်းမွန်လာစေရေးတို့အတွက် NUCC နဲ့ NUG တို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့ အညီပြန်လည်သုံးသပ်ကာ ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင် ရွက်ပြီး တတိယအကြိမ် ပြည်သူ့ညီလာခံမှာ အစီရင်ခံစာ တင်သွင်းရန် နဲ့ NUCC အနေဖြင့် ဘုံနိုင်ငံရေးသဘောတူညီမှု (political pact) များ ရရှိနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများ အားလုံးနဲ့ ထိတွေ့ ဆွေးနွေးမှုများကို အမြန်ဆုံးစတင်လုပ်ဆောင်သွားရန် လို့ ဖော်ပြထားပါတယ်။
NUCC မှာ ပါဝင်ခြင်းမရှိသေးသော နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများနဲ့ လိုက်လံဆွေးနွေးပြီး ဘုံနိုင်ငံရေးသဘောတူညီမှုများ အမြန်ဆုံး ရရှိအောင် NUCC က ဦးဆောင်ဆောင်ရွက်ရန် ၊ ပြည်ထောင်စုရဲ့ စုဖွဲ့မှု (Form of State) ကိုရှင်းလင်းစွာဆွေးနွေးရန်၊ ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စ အပါအဝင် ပြည်နယ်သစ်များ ပေါ်ထွန်းရေးဆိုင်ရာ အခြေခံမူ များချမှတ်ရန် ၊ NUCC နဲ့ NUG တို့အကြား ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ထိန်းညှိမှု၊ ဆက်သွယ်ဆက်ဆံမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများ၊ ရေးဆွဲဆောင်ရွက်ရန် တို့အတွက်လည်း ဖော်ပြထားပါတယ်။
ဒါအပြင် နိုင်ငံရေးဦးဆောင်အဖွဲ့များဖြစ်တဲ့ NUCC ၊ NUG နဲ့ ပြည်သူလူထုအကြား ဆက်သွယ်မှု၊ သတင်းအချက်အလက် အစီရင်ခံ တင်ပြမှု၊တာဝန်ယူတာဝန်ခံမှုများ ပိုမိုကောင်းမွန်စေရေးအတွက် Town Hall meeting များ၊ သတင်းစာရှင်းလင်းပွဲများ၊ လူထုဆက်ဆံရေး (Public Relation) လုပ်ငန်းများကို ပိုမိုတိုးမြှင့်ပြီး စနစ်တကျလုပ်ဆောင်သွားရန်အတွက်လည်း ဖော်ပြထားတာ တွေ့ရပါတယ်။