အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီရဲ့ ကြားကာလဒုတိယအကြိမ် အစည်းအဝေး ကို Zoom ကနေ ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့မနက် ၉ နာရီမှာ တစ်ဆင့်ကျင်းပခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် (၁) ယောက်၊ ဗဟိုကော်မတီဝင်(၄၄) ယောက်၊ အရံဗဟိုကော်မတီဝင် (၁၀) ယောက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလုပ်အမှုဆောင်(၂၀) ယောက်နဲ့ ဗဟိုရေးရာကော်မတီတွေက (၁၈) ယောက် စုစုပေါင်း (၉၂) ယောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့က ဗဟိုကော်မတီဝင် တွေ ဗဟိုရေးရာကော်မတီတွေက လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွေ အကြံပြုစာတမ်းတွေ တင်ပြဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချန်လှပ်ထားလို့ရနိုင်တဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့ အလေးအနက်ယုံကြည်တာကြောင့် မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး ကို ဖြစ်နိုင်သလောက် နည်းလမ်းတွေနဲ့ ကြိုးပမ်းဆောင်ရွက်ရန် နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာမှာ တိုင်းရင်းသားတွေနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီ ကို အင်အားတိုးချဲ့ဖွဲ့စည်းဖို့ စတဲ့အချက်တွေအပါအဝင် ဆုံးဖြတ်ချက် ၇ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဗဟိုအလုပ်ကော်မတီရဲ့လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာတဲ့ အကြံပြုချက်တွေ အားလုံးကိုလဲ ဒုတိယ ဗဟို ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးမှာ မှတ်တမ်းတင် ထားရှိခဲ့တယ်လို့ သိရပါတယ်။