အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဇူလိုင် ၁၉ရက်မှာ ကျရောက်တဲ့ (၇၆) နှစ် မြောက်အာဇာနည်နေ့ကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ အခု နွေဦးတော်လှန်ရေးမှာ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူလူထုကအပ်နှင်းလိုက်တဲ့ ပြည်သူ့ဆင့်လွှဲအာဏာ ဖြစ်တဲ့ လွှတ်တော်များကိုအသုံးပြုကာ နိုင်ငံ ရေးတရားဝင်မှုကိုမြှင့်တင်ပေးပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေးပန်းတိုင်သို့ အမြန်ရောက်ရှိရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်ပြီး အာဇာနည်ခေါင်း ဆောင်ကြီးများမျှော်လင့်ချက်များ ပြည့်မီအောင် ဆောင်ရွက်မယ်လို့ ကတိပြု ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရယူဖို့နဲ့ ပြည်သူလူထုကိုအကာအကွယ်ပေးဖို့ ရည်ရွယ်ချက်ကောင်းများနဲ့ ဖွဲ့စည်းထားခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ကိုယ်ကျိုးစီးပွားအတွက် အာဏာကိုရယူလိုတဲ့ စစ်ခေါင်းဆောင်များရဲ့ ပြည်သူလူထုဆန္ဒများကို မျက်ကွယ်ပြုကာ ဥပဒေများကိုချိုးဖေါက် အာဏာသိမ်းယူ မှု များကြောင့် တိုင်းပြည်မှာဆုတ်ယုတ်ကျဆင်းခဲ့ပြီး ပြည်သူလူထုမှာ ဒုက္ခဆင်းရဲတွင်းထဲ နစ်ကာအာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက် နိုင်ရေး ပန်းတိုင်နဲ့အလှမ်းဝေးနေခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူမှု့ကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာလည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဖက်ဒရယ်ဒီမိုကရေစီရေး မျှော်မှန်းချက်တွေမှာ တစ်ပေါင်းတည်း စုစည်းမိကာ ပန်းတိုင်သို့ အရောက်ချီတက်နိုင်ရေးပိုင်းဖြတ်မှုများပိုမို ခိုင်မာလာသည်ကို တွေ့ရှိရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နယ်ချဲ့စနစ်ကိုတော်လှန်ရင်း လွတ်လပ်ရေးအရယူခဲ့သလို စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ဗိုလ်ချုပ်တို့မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့ အရောက်သွားတဲ့ လမ်းခရီးမှာ အသက်ပေးဆပ်သွားကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကိုလည်း ခုလို အာဇာနည်နေ့ နေ့ထူးနေ့မြတ်အခါသမယမှာ အလေးအမြတ်ဂုဏ်ပြုရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့တမ်းတတဲ့ သဝဏ်လွှာကို ပေးပို့လိုက်တယ်လို့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။