ဇွန်လတစ်လတာအတွင်း အမှတ်(၁) စစ်ဒေသမှာ စစ်ကောင်စီဘက်က (၄၀၀) ကျော်ကို ရှင်းလင်း နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အမှတ်(၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှာ ဇွန်လအတွင်း စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့မှု (၃၇၄) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က (၄၁၇) ဦးသေဆုံးပြီး (၅၂၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဆီက လက်နက်မျိုးစုံ(၄၈)လက်နဲ့ Drone(၂၅)စီးအပါအဝင် ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားတာပါ။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်ကတော့ ရဲဘော်(၄၇) ဦးတော်လှန်ရေးအတွက် အသက် ပေးလှူခဲ့ရပြီး (၁၄၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ PDF၊ပ.က.ဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။