မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခတွေ ပိုမိုမြင့်တက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ထုတ်ပြန်ခဲ့သလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုလည်း ရှုတ်ချသွားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲရဲ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မီးမောင်းထိုး ဖော်ပြပြီး ပြစ်တင် ဝေဖန်ထားတာ တွေ့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လို ဖိနှိပ်မှုတွေကြောင့် ရိုဟင်ဂျာတွေ အပါအဝင် လူ့အဖွဲ့အစည်း ပေါင်းစုံကို အကာအကွယ် ပေးနိုင်မယ့် အကူအညီတွေ အရေးတကြီး ပိုလိုအပ်လာတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကိုယ်စား ပြောရေးဆိုခွင့်ရ အရာရှိ စတီဖိန် ဒူဂျာရစ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနှံမှာ အရပ်သား ဧရိယာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူရမယ်လို့လည်း ကုသလမဂ္ဂက ဆိုပါတယ်။
ပြီးတော့ ပြည်တွင်း ပဋိပက္ခတွေမှာ ဆက်နွှယ် ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေနဲ့အညီ အရပ်သား ပြည်သူတွေကို အလေးပေး ကာကွယ် စောင့်ရှောက်ကြဖို့၊ ပြည်တွင်းမှာ နောက်ထပ် လူမျိုးရေး တင်းမာမှုနဲ့ အဓိကရုဏ်းတွေ ပေါ်ပေါက်မလာအောင် ဝိုင်းဝန်း တားဆီးကြဖို့လည်း ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့အရေး ရိုက်ခတ်မှုကြောင့် ပိုမိုကျယ်ဝန်းတဲ့ ဒေသတွင်းမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်တာကို စုပေါင်း အဖြေရှာ တုံ့ပြန်ကြဖို့လည်း သူက တိုက်တွန်းထားခဲ့ပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ခံထားရသူ ဂျူလီယန် ဘိရှော့ပ်က မြန်မာ ပြည်သူတွေရဲ့ ထိခိုက်နာကျင်မှုတွေကို လျော့ပါးသက်သာစေပြီး
မြန်မာ့ ငြိမ်းချမ်းရေး ရေရှည် တည်တံ့အောင် တည်ဆောက်ရေး အားထုတ် ကြိုးပမ်းနေမှုတွေမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးက ဝိုင်းဝန်း ကူညီပေးကြဖို့လည်း ဂူတာရက်စ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နှိုးဆော်ထားပါတယ်။
ဒါ့အပြင် အဲဒီအားထုတ်မှုတွေမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လိုအပ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။