စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင် ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၆ ဦးခန့် သေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ရဲစခန်းကို သိမ်းပိုက်ရန် ပြုလုပ်စဥ် Mi 35 ရဟတ်ယာဥ် ရောက်ရှိလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
” ဒီနေ့ နံနက်အစောပိုင်း ၂ နာရီကျော်ကစလို့ နယ်မြေခံပူးပေါင်း တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်ရောက် စီးနင်းပြီး တိုက်ခိုက်ခဲ့ကြတယ်။ နံနက် ၈ နာရီလောက်မှာ စခန်းကို တက်သိမ်းမယ်လုပ်တုန်း Mi 35 ရဟတ်ယာဥ် ရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။ စခန်းမသိမ်းလိုက်နိုင်ဘူး။ ၁၆ ကောင်လောက် သေဆုံးတယ်လို့ အတည်ပြုနိုင်တယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က အရာတော်-နောင်ကြီးအိုင် လမ်းပိုင်းကို ပိတ်ထားပြီး စစ်အင်အား ဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း ပစ်ခတ်မှုကြောင့် နောင်ကြီးအိုင်ရွာ အပါအဝင် ထုံးဘိုရွာ၊ ဘုံလက်ခတ်ရွာ၊ ချောင်းဆုံရွာ၊ ဆည်ကြီးရွာနှင့် ညောင်ပင်ကန်ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။