စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို စစ်တပ်က တတိယအကြိမ်မြောက်အဖြစ် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဇွန်လ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် စစ်တပ်က မကျီးစောက်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး တတိယအကြိမ်မြောက် မီးတင်ရှို့ကြောင်း၊ ပထမအကြိမ် မီးရှို့မှုနှင့် ဒုတိယအကြိမ် မီးရှို့မှုတို့တွင် ကျန်ရစ်ခဲ့သော နေအိမ်များကို ထပ်မံ၍ စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ ဒေသပြည်သူများမှာ ရွာအနီးဝန်းကျင်တွင် နေထိုင်နေကြရာ စစ်တပ် ဝင်ရောက်လာသဖြင့် ထပ်မံ ထွက်ပြေးနေရကြောင်း သိရှိရသည်။
“အရာတော်မြို့နယ် မကျီးစောက်ကျေးရွာ ၃ ကြိမ်မြောက်မီးရှို့နေတယ်။ ဒီနေ့မနက် ၅ နာရီလောက်ဝင်လာပြီး မီးရှို့နေတာ။
တိုက်ပွဲမဖြစ်ဘဲ ဝင်ရှို့တာ။ ၃ ကြိမ်မြောက်ဝင်ရှို့တာဆိုတော့ ပြည်သူတွေလည်း အတော်ကို ဒုက္ခရောက်နေကြပြီ။ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါး စားနပ်ရိက္ခာကူပေးကြပါ။ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဒုတိယအကြိမ်အဖြစ် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ရွာရှိ ပြည်သူ တစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ မကျီးစောက်ရွာသည် အိမ်ခြေ ၆၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ကြောင်း ၊ ပထမအကြိမ်အဖြစ် အကြမ်းဖက် စစ်တပ်က ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။