စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဘော့ကုန်းကျေးရွာကို ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသား ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ GZ special Task force(အရာတော်တပ်ခွဲ)ကနေ သိရပါ တယ်။
သြဂုတ် ၂ ရက် ဒီနေ့မနက် ၅ နာရီဝန်းကျင်က အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာမှာ တပ်ဆွဲထားတဲ့စစ်တပ်က ဘော့ကုန်းကျေးရွာကို ပစ်ခတ်ဝင်ရောက်လာတာလို့ သိရပါတယ်။
ကျေးရွာအနားရောက်တဲ့အချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကင်းပုံးနဲ့တွေ့ပြီး ပစ်ခတ်မှုခဏဖြစ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်တွေ အင်အားမလုံလောက်တာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ GZ special Task force (အရာတော်တပ်ခွဲ)တာဝန်ခံ ကိုနတ်ဆိုးက ပြောပါတယ်။
“ကင်းပုံးနဲ့တွေ့တဲ့အချိန် ကျနော်တို့ဘက်က တယောက်တည်းကပဲ ပြန်ပစ်နိုင်ခဲ့တာ။ သူတို့ဘက်ကတော့ ၇၀ လောက်ရှိတယ်”လို့ ကိုနတ်ဆိုးက ပြောပါတယ်။
အဲဒီနောက် စစ်တပ်စစ်ကြောင်းက ဘော့ကုန်းကျေးရွာကိုဝင်ရောက်ချိန်မှာ ရွာခံ ၃၀ လောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီဒေသခံတွေကိုဖမ်းထားပြီး စစ်အုပ်စုက ကျေးရွာထဲက နေအိမ်တွေဝင်မွှေကာ နေအိမ် ၁၇ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
မနက် ၁၀ နာရီခွဲလောက်မှာ ဖမ်းဆီးထားတဲ့ဒေသခံတွေထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေကို ပြန်လွှတ်ခဲ့ပြီး အမျိုးသား ၁၀ ဦးခန့်ကိုခေါ်ဆောင်ကာ နောင်ကြီးအိုင်ကျေးရွာဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
အရာတော်မြို့နယ်ကို စစ်တပ်က ယခုရက်ပိုင်းအတွင်း မကြာခဏစစ်ကြောင်းထိုးနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီနေ့ စစ်တပ်ရဲ့စစ်ကြောင်းထပ်မံဝင်ရောက်မှာ စိုးရိမ်နေတာကြောင့် ဘော့ကုန်းရွာ၊ ကျွန်းကျောင်းရွာ၊ အုတ်ကန်ရွာက ဒေသခံ ၂၀၀ နီးပါးဟာရွာထဲ ပြန်မဝင်ရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။