အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က စစ်ရှောင်ပြည်သူများ အဆင်ပြေနိုင်စွာနေနိုင် ရေးအတွက် စားနပ်ရိက္ခာ ပြည့်စုံရေး နဲ့ ကျန်းမာရေး ကောင်းမွန်ရေးအတွက် အစီအစဥ်များ ချမှတ် ဆောင်ရွက်လျှက်ရှိတယ်လို့ ဒီနေ့ ရက်စွဲနဲ့ အသိပေးပါတယ်။
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ (နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ (၁) ) ရဲ့ စိုးမိုးနယ်မြေအတွင်းက စစ်ရှောင် ပြည်သူများကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသပေးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်အား အမြစ်ဖြတ်ချေမှုန်းရေးအတွက် စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက် ရာမှာ စစ်ဇုံအတွင်း မှာရှိတဲ့ ဒေသခံပြည်သူများအား စစ်ပွဲနဲ့လွတ်တဲ့ နေရာများကို ပြောင်းရွှေ့ ပေးရတာ ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ တာဝန်ဖြစ်ကြောင်း ခံယူထားတယ်လို့ ဆိုပါတယ်။
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှာ ရဲဘော်များအား ကာကွယ်စောင့်ရှောက်ပေးထားတဲ့ ကျေးရွာများမှာလည်း လှည့်လည်ဆေးကုသပေးလျှက်ရှိပြီး၊ အချို့နေရာများမှာ အခြေအနေ အကြောင်းကြောင့် ဆေးကုသခွင့်မရသေးတဲ့ လူနာများကိုလည်း ဂရုတစိုက်ကြပ်မတ် ကုသပေးလျှက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။