ကိုယ်ပိုင် အဝေးပြေးဒရုန်း ( Fixed-Wing UAV) ထုတ်လုပ်ဖို့အတွက် ပြုလုပ်တဲ့ အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲကမ်ပိန်းဟာ ဇူလိုင်လ ၂၂ ရက်နေ့အထိ ကမ်ပိန်း ၅၁ ဒသမ ၄ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ KNDF UAV ဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် လက်ကျန်ကမ်ပိန်းကာလ ၉ ရက်သာ ကျန်ရှိတော့တဲ့အတွက် အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းလှူဒါန်းကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။
“အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲကမ်ပိန်းကို CRPH-OFP နှင့်ပူးပေါင်း၍ပြုလုပ်လာခဲ့တာဟာ (၂၅) ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ (၂၅) ရက် အတွင်းမှာအလှူငွေစုစုပေါင်း ဒေါ်လာ ၇၆၉၂၂ ကိုလက်ခံရရှိပြီးဖြစ်ပါတယ်” လို့ KNDF UAV ဌာနက ပြောပါတယ်။
လက်ခံရှရှိပြီးတဲ့ အလှူငွေတွေထဲမှာ မြန်မာနိုင်ငံက ၄၄ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ပါဝင်လှူဒါန်းထားတာကို တွေ့ရပြီး ဒုတိယအနေနဲ့ အမေရိန်ကန်နိုင်ငံက အများဆုံးပါဝင်လှူဒါန်းထားပါတယ်။ ဒါကြောင့် အခြားနိုင်ငံက အလှူရှိင်တွေလည်း အားကျမခံ ထပ်မံအားဖြည့်ပေးကြဖို့ KNDF ကဖိတ်ခေါ်ထားပါတယ်။
အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲကမ်ပိန်းဟာ ကိုယ်ပိုင်ဒရုန်း အစင်း ၂၀ ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ တစ်သိန်းငါးသောင်း မြန်မာငွေ သိန်းပေါင်းလေးထောင်ငါးရာ ရရှိဖို့ ပြုလုပ်တဲ့ကမ်ပိန်းဖြစ်ပါတယ်။ ကမ်ပိန်းကာလကို ဇူလိုင် ၃၁ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။
အဲ့ဒီကန်ပိန်းအတွက် ဒရုန်းတစ်စင်းကို သိန်း ၁၅၀ သတ်မှတ်ထားပြီး တစ်ယောက် တစ်စုတည်းအနေနဲ့ ဒရုန်းတစ်စင်း နှစ်စင်း စသဖြင့် လှူဒါန်းတဲ့သူတွေအတွက်လည်း ဒရုန်းပေါ်မှာ နာမည်ရေးထိုးထားပေးတယ်လို့ KNDF ကပြောဆိုထားပါတယ်။
လက်ရှိမှာလည်း ပြည်တွင်း ပြည်ပ ပညာရှင်များနဲ့ ပူးပေါင်းပြီး ဒရုန်းအချို့ကို ထုတ်လုပ်နေပြီလို့ KNDF က ထုတ်ပြန်ထားပါတယ်။
ကမ်ပိန်းကာလအတွင်း ပါဝင်အားဖြည့်ပေးကြတဲ့ Fundraisers များ၊ အနုပညာရှင်၊ influencer များ အားလုံးကိုကျေးဇူးတင်ရှိသလို ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်တယ်လို့ KNDF က ဆိုပါတယ်။