စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးအား ကာမလိမ်လည်ရယူခဲ့သည့် အမျိုးသား ၅ဦးအား ဖမ်းဆီးထားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မုံရွာမြို့နယ်၌ အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးအား အလိုမတူဘဲ ကာမလိမ်လည်ရယူခဲ့သည့် အမျိုးသား ၅ဦးအား သွားရောက်ဖမ်းဆီးခဲ့ကြောင်း မုံရွာ ပလဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ၅ဦးသည် ဓား၊ ကတ်ကြေးများဖြင့် ခြိမ်းခြောက်၍ ဆန်နှစ်ပြည်၊ ငွေကျပ်ငါးထောင်နှင့် မုန့်များပေး၍ တစ်ယောက်တနေရာစီ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု သိရသည်။
“မတရားခြိမ်းခြောက်ပြီး ကာမလိမ်လည်ယူတာတွေသိခဲ့ရပြီး ကွင်းဆက်တွေကိုလိုက်တဲ့အခါမှာခလေးမလေးကို ကိုယ်တိုင်လိုက်ပြခိုင်းပြီး မြို့နယ် ပလဖမှ ဖမ်းဆီးခဲ့တာပါ။ ခလေးမလေးအရွယ်က ၁၅နှစ်သာသာပဲရှိပါသေးတယ်။ မိခင်ကလည်း စိတ်ကမနှံ့သူဝေဒနာရှင်တစ် ယောက်ပါ။လက်ရှိမှာ ကျွန်တော်တို့က ဖမ်းဆီးပြီး တရားရေးကိုတင်ရပါတယ်။ တရားရေးကဆက်လက်ဆောင်ရွက်မှာပါ။”ဟု မုံရွာ ပလဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မုံရွာမြို့နယ်အတွင်း ကာမလိမ်လည်ရယူမှုများ၊ အခြားသောခိုးဆိုးလုနှိုက်မှုများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဟု မုံရွာ ပလဖအဖွဲ့က အသိပေးသည်။
မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သည် ပြီးခဲ့သည့်၂၀၂၃အတွင်းကလည်း အခြားသော ခိုးဆိုးလုနှိုက်ဓားပြမှုများမှ ကျူးလွန်သူများကိုဖမ်းဆီးအရေးယူခဲ့သေးသည်။