တိုင်းရင်းသားတပ်ဖွဲ့များ သိမ်းယူထားသည့် မြို့ရွာများ ဘယ်တော့မှမအေးချမ်းအောင် လေကြောင်းတိုက်ခိုက်သွားမည်ဟု စစ်ကောင်စီ ကိုယ်စားလှယ်က ပြောဆိုကြောင်း တအာင်းတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က အသိပေးသည်။
တရုတ်နိုင်ငံ ကူမင်းမြို့၌ ဒီဇင်ဘာ ၂၃ရက်က ပြုလုပ်သော တွေ့ဆုံပွဲအတွင်း ဆွေးနွေးညှိနှိုင်းမှုအကျပ်အတည်း ဖြစ်ပေါ်စဉ်တွင် စစ်ကောင်စီ၏ NSPNC – အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိမင်းနိုင်က ပြောခြင်းဖြစ်သည်ဟု ဆိုသည်။
“NSPNC – အတွင်းရေးမှူးရဲ့ တိုင်းရင်းသားနဲ့တိုင်းပြည်အပေါ် စေတနာ …မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေဘယ်တော့မှ အေးချမ်းသာယာမှာမဟုတ်ဘူး၊ ငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ”ဟု စစ်ကောင်စီ ကိုယ်စားလှယ် မင်းနိုင် (ဒုတိယ ဗိုလ်ချုပ်ကြီး)က ပြောဆိုခဲ့ကြောင်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ယနေ့ လူမှုကွန်ရက်တွင် ရေးသား အသိပေးထားသည်။
TNLA သည် စစ်ကောင်စီ တပ်စခန်း ၇၃ခု ကို ၁၀၂၇ စစ်ဆင်ရေး ၂လအတွင်း သိမ်းယူခဲ့ပြီး နမ္မတူ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းလုံ မြို့ ၅မြို့ကို သိမ်းပိုက်ထားသည်။
တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီကလည်း တအာင်း၊ ကိုးကန့် ၊ ရခိုင်ဒေသများ၌ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်
ခိုက်မှုများ ပိုမိုပြုလုပ်လာရာ အဆိပ်ဗုံးအသုံးပြု တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ၁၀၂၇ စစ်ဆင်ရေး ၂လကျော်အတွင်း တအာင်း၊ ကိုးကန့် ၊ရခိုင် ဒေသခံပြည်သူ ၂၀၀ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။