၇၆ နှစ်မြောက် အာဇာနည်နေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ကန်ပိန်းတွေ၊ ဆန္ဒပြတာတွေ ပြုလုပ်မှာစိုးတာကြောင့် မြို့နယ်တွေမှာ စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နယ်လုံဝန်ကြီး၊ ပြည်ထဲရေးဒုဝန်ကြီး၊ တိုင်းစစ်ဌာနချုပ်နဲ့ ဝန်ကြီးချူပ်တို့ တွေ့ဆုံပြီး ခရိုင်နဲ့မြို့နယ်တွေမှာ စောင့်ကြည်အဖွဲ့တွေ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာလို့ တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပန်းသပိတ်တုန်းကလို ဖမ်းဖို့စီစဥ်နေတာ။ အခြေခံ စောင့်ကြည့်ရေးအဖွဲ့မှာ ရပ်ကွက်အုပ်ချုပ်ရေး၊ မီးသတ်၊ ရဲနဲ့ထွေအုပ်၊ နယ်မြေခံတပ်ရင်း၊ စသုံးလုံး ဌာနက လူတွေပါတယ်။”
အာဇာနည်ဗိမာန်နဲ့ နီးစပ်ရာ မြို့နယ်တွေကတော့ တိုင်းအစိုးရအဖွဲ့နဲ့ စစ်ဌာနက တိုက်ရိုက်ကွပ်ကဲမှာဖြစ်ပြီး ပြည်သူ့စစ်တွေကိုလည်း တာဝန်ပေးအပ်သွားမယ်လို့ တိုင်းပြည်သူ့စစ်ဌာနေအဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်မှုထမ်းဟောင်းအဖွဲ့ နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဗဟန်းမှာ စစ်တပ်နဲ့ပေါင်းပြီး လုံခြုံရေးယူမှာ ပြီးတော့ ဆန္ဒပြတာ၊ တူညီဝတ်စုံဝတ်တာတွေ့ရင် ဖမ်းဖို့ အမိန့်ထားတယ်။”
အာဇာနည်နေ့မှာ အနောက်ရွှေဂုံတိုင်လမ်းဟောင်း အပါအဝင် လမ်းအချို့ကို ခေတ္တပိတ်ထားမှာဖြစ်လို့ ယာဥ်မောင်းတွေအနေနဲ့ အခမ်းအနားကျင်းပနေချိန် အခြားလမ်းတွေကနေ မောင်းနှင်ပေးဖို့ ရန်ကုန်တိုင်အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ 7 July နေ့တွေမှာ ရန်ကုန်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။