အာဏာသိမ်းဖို့ကြိုးစားမှုကာလ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ လက်ရှိအချိန်အထိ ကျန်းမာရေးဝန်ထမ်း တစ်ရာကျော်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူက ၁၃၁ ဦးရှိခဲ့တယ်လို့ NUG ရဲ့အချက်အလက်အရ သိရပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူတွ နေထိုင်တဲ့ ရပ်ရွာတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် တမင်ရည်ရွယ်ပြီး လေကြောင်းတိုက်ခိုက်မှု၊ လူမဆန်သောအကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁၂၉၃ ကြိမ် ကျူးလွန်ခဲ့ပြီယ ဆေးရုံ ဆေးခန်း ၃၄၃ ခုကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလ ၂၅ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဆေးရုံတခုလုံး ပျက်စီးသွားသလို အတွင်းလူနာ ၄ ဦးနဲ့ လူနာစောင့် ၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် ထုတ်ရာမှာ အခုလို ထည့်သွင်းရေးသားခဲ့တာ ဖြစ်ပါတယ်။
ဝမ္မသူးဆေးရုံကို အခုလ ၂၅ ရက်က ပေါင် ၅၀၀ ဗုံးတွေနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မနေ့က နေ့လယ်ပိုင်းမှာလည်း လာရောက်ဗုံးကြဲခဲ့တာကြောင့် ဆေးရုံနဲ့ အနီးအနားက ကျေးရွာနေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသတွင်းမီဒီယာတွေကနေ သိရပါတယ်။
စစ်ကောင်စီက ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗင်းရှင်း၊ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ထိခိုက်သေဆုံးရတဲ့ ပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးမှာဖြစ်ပြီး စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်ပါးစေ ကြံရာပါတွေကို တရားဥပဒေအရ အသေအချာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုပါတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ ဖက်ဆစ်စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့ လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ NUG ဘက်က တိုက်တွန်းထားပြီး ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်း၊ ဒေသခံအဖွဲ့အစည်း၊ ပြည်သူတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။