စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မနက်မှာ ကာလုံအစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်တိုးလိုက်ပြန်ပါတယ်။
အခုတကြိမ်သက်တမ်းတိုးတာဟာ စစ်အာဏာသိမ်းကာလတစ်နှစ်ပြီးနောက် လေးကြိမ်မြောက် သက်တမ်းတိုးတာလည်းဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတဦးမြင့်ဆွေက နိုင်ငံရဲ့အခြေအနေဟာ သာမန်မဟုတ်တဲ့အခြေအနေအဖြစ်သတ်မှတ်ရမှာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ၄၂၁(ခ)၊ ၄၂၅ နဲ့အညီ ကာချုပ်ကို ၆ လသက်တမ်းတိုးထပ်မံအပ်နှံကြောင်းကြေညာခဲ့တာပါ။
NUG ရဲ့ တရားရေးဝန်ကြီး ဦးသိန်းဦးကတော့ စစ်ကောင်စီကအခုလိုသက်တမ်းထပ်တိုးတာဟာ သူတို့အသုံးပြုနေတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒီနေ့ကျင်းပတဲ့ ကာလုံအစည်းအဝေးကို NLD အစိုးရ လက်ထက်က ဒုတိယသမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ပြီး စစ်ကောင်စီရဲ့သက်တမ်းတိုးတာကို ထောက်ခံခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလ သက်တမ်းတိုးခြင်းကို ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးရင် သာမန်အားဖြင့် ခြောက်လနှစ်ကြိမ် သက်တမ်းတိုးပေးနိုင်ကြောင်း ပြဋ္ဌာန်းထားပေမယ့် သာမန်မဟုတ်တဲ့ အခြေအနေလို့အကြောင်းပြပြီး အခုလိုသက်တမ်းထပ်တိုးနေတာပါ။
အခုသက်တမ်းမတိုးခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်ကိုရွှေ့ပြောင်းတယ်ဆိုတဲ့သတင်းနဲ့အတူ နိုင်ငံရေးအခင်းအကျင်းအသစ်တစ်ခုကို စစ်ကောင်စီကပုံဖော်လာနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေကခန့်မှန်းသုံးသပ်နေကြပါတယ်။