အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးသည့် အရပ်သားပြည်သူ ၅၀၀ကျော် အထိရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့(ဇွန်လ ၃ရက်) ထုတ်ပြန်သည်။
အရပ်သားသေဆုံးမှုနှင့်ပတ်သက်၍ မြို့နယ် အလိုက်သေဆုံးမှုတွင် လွိုင်ကော်မြို့နယ်၌ ၁၈၀ဦး၊ဖယ်ခုံမြို့နယ် ၁၁၃ဦး၊ဒီးမော့ဆိုမြို့နယ် ၁၂၃ဦး၊ဖရူဆိုမြို့နယ် ၄၅ဦး၊ဘောလခဲမြို့နယ် ၂၀ဦး၊ဖားဆောင်းမြို့နယ် ၁၁ဦး၊ရှားတောမြို့နယ်ခုနှစ်ဦးနှင့် မယ်စဲ့မြို့နယ် သုံးဦးရှိသည်ဟု ဆိုသည်။
“အခုလည်း လွိုင်ကော်ကို စစ်ကြောင်းထိုးလာတော့ နီးစပ်ရာကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်နေတာ ရှိတယ်။ပြီးခဲ့တဲ့ ရက်ကတောင် ဖယ်ခုံ ဘက်မှာ အရပ်သားသုံးဦး လက်နက်ကြီး မှန်ပြီး ဒဏ်ရာရခဲ့တယ်။နောက်ပြီး လွိုင်လင်လေး ဘက်မှာ ပြည်သးတစ်ချို့ကို စကစဘက်က ဖမ်းဆီးထားတယ်လို့ သိရတယ်”ဟု ကရင်နီစစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အရပ်သားပြည်သူသေဆုံးရသည့်အကြောင်းရင်းများတွင် စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ငါးဦးပါရှိ စစ်ကောင်စီ၏ အချုပ်၊ စစ်ကြောရေး၊ အကျဉ်းထောင်များတွင် သေဆုံးသူ ခုနှစ်ဦးရှိကြောင်း အသိပေးသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိန့်လန့်၍သေဆုံးရသူ ၁၂ဦး၊စစ် ကောင်စီထောင်ထားသည့် နင်းမိုင်းကြောင့် သေဆုံးသူ ၁၆ဦး ရှိသည်။
အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရသူ မှာ ၂၆၇ဦးဖြင့် အများဆုံးရှိနေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ၊လက်နက်ငယ်ထိမှန်မှုကြောင့် ၁၄၆ဦး သေဆုံးခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရသည့် အရပ်သား ၄၅ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။