လောင်းလုံးကနေ ထားဝယ်မြို့ကိုသွားတဲ့ အိမ်စီးကားတစ်စီးပေါ်ကနေ ရဲယူနီဖောင်းတွေနဲ့အသုံးအဆောင်ပစ္စည်းတွေကို လောင်းလုံးပကဖက ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။
အခုလ ၂၆ ရက်နေ့ ညနေပိုင်းမှာ သတင်းအရ အိမ်စီးကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှာဖွေရာမှာ လောင်းလုံးရဲစခန်းကနေ ထားဝယ်ကို အပြောင်းအရွှေ့လုပ်နေတဲ့ ရဲဌာနဆိုင်ရာ ပစ္စည်းတွေကို တွေ့ရှိခဲ့တာပါ။
“ရဲတွေကတော့ တခြားကားနဲ့တိတ်တဆိတ်ရွှေ့ပြောင်းနေတာမျိုးပါ။ ပစ္စည်းတွေကိုပဲ အရပ်သားနဲ့ တင်ပေးလိုက်တာ” လို့ လောင်းလုံးပကဖ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးကပြောပါတယ်။
ဖမ်းမိခဲ့တဲ့ကားပေါ်မှာ ရဲတပ်ဖွဲ့အသုံးအဆောင်ပစ္စည်းတွေ၊ ယူနီဖောင်းတွေ၊ အိုးခွက်ပန်းကန်တွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေသိမ်းမိခဲ့တယ်လို့ လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။
သိမ်းမိခဲ့တဲ့ပစ္စည်းတွေ တင်လာတဲ့ကားကတော့ စစ်ကောင်စီတပ်သားတွေ ချောဆွဲထားတဲ့ အရပ်သားကားဖြစ်လို့ ယာဥ်မောင်းနဲ့အတူပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
အခုလဒုတိယပတ်ကစပြီး လောင်းလုံးမြို့နယ်က ရဲစခန်းအပါအဝင် ဌာနဆိုင်ရာတွေရဲ့စာရွက်စာတမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြောင်းရွှေ့နေတာတွေ ရှိနေတာပါ။ အခုလ ၁၁ ရက်နေ့ကလည်း စာရွက်စာတမ်းနဲ့ ဌာနဆိုင်ကာပစ္စည်းတွေကို ကားခုနှစ်စီးနဲ့ ထားဝယ်ဘက်ကို တင်ဆောင်သွားပါသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလို ပြောင်းရွှေ့မှုတွေက အရင်လကုန်ပိုင်းက လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စရဖရုံးအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာအများအပြားကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
လောင်းလုံးမြို့နယ်ရှိ သကျက်တောရွာကရဲစခန်းဟာလည်း မကြာခဏတိုက်ခိုက်ခံလာရပြီးနောက် ပြီးခဲ့တဲ့နှစ်အစမှာ ရဲနဲ့စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာခဲ့ပါတယ်။
အခုလအတွင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ထားဝယ်မြို့နယ် အရှေ့တောဒေသက မေတ္တာနယ်မြေရဲစခန်းနဲ့ ဟိန္ဒားရွာကတပ်စခန်းတွေကို စစ်ကောင်စီတပ်က စွန့်ခွါခဲ့ပါတယ်။