မန္တလေး အိုးဘို အကျဉ်းထောင် စက်မှုလက်မှုအလုပ်ရုံရှိ အဆောင်မှူး ဦးစီးအရာရှိ စိုင်းခမ်းမောင်သည် အခန်းသူကြီးနှင့် ပေါင်းကာ နိုင်ငံရေး အကျဉ်းသား လူငယ်များကို အလုပ်ရုံမှ ဆိုဒ်ထဲသို့ ပြောင်းရွှေ့မည် အကြောင်းပြကာ တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း တောင်းယူနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောကြားသည်။
ထို့ပြင် အလုပ်ရုံသို့ ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ပြစ်ဒဏ်ကျ လူငယ်များကို အလုပ်မလုပ်ချင်ပါက အလုပ်ကာရန်ဟုဆိုကာ အလုပ်ရုံ စည်းကမ်းထိန်း ရဲဝင့်မောင်က တစ်ဦးလျှင် ကျပ် ၅ သောင်းမှ ကျပ် ၈ သောင်းအထိ အမျိုးမျိုးအကြောင်းပြတောင်းခံနေကြောင်း သိရသည်။
ထိုသို့ တောင်းခံပြီး ရရှိငွေမှာ ကျပ်သိန်း ၆၀ ကျော်ခန့် ရှိခဲ့ပြီး အဆိုပါ ငွေများထဲမှ ၁၄ သိန်းကို အိုးဘိုထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားများကို ဈေးရောင်းချပြီး ကျန်ငွေများကို သက်သာတွင် အပ်နှံ့ထားခဲ့ကြောင်း၊ အဆိုပါ ငွေများထဲမှ ကျပ် ၁၀ သိန်းကျော်ကိုမူ အဆောင်မှူး စိုင်းခမ်းမောင်က သက်သာနှင့် ညှိကာ ထုတ်ယူ သုံးစွဲခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။
ထို့ပြင် အဆောင်မှူး စိုင်းခမ်းမောင်သည် အလုပ်ရုံစည်းကမ်းထိန်း အကျဉ်းသားများထံမှ ၎င်းအိမ်အတွက် ဆက်တီခုံဝယ်ရန်၊ ၎င်းကိုင်ဆောင်သည့် ဖုန်းလဲလှယ်ရန် စသည့်ဖြင့် အကြောင်းအမျိုးမျိုးပြ၍ တစ်ဦးလျှင် ၅ သောင်းနှုန်းခန့် တောင်းခံလျက်ရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောကြားသည်။