ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ထွက်ပြေးရှောင်တိမ်းနေရာမှ နေအိမ်သို့ ပြန်ရောက်လာသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ် အရေးယူလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ( ၄)က ယနေ့ (အောက်တိုဘာ ၃၀)ထုတ်ပြန်သည်။
ယမန်နေ့(အောက်တိုဘာ ၂၉)နံနက် ၁၁နာရီခန့်က အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေး ရွာအုပ်စု၊ ချောင်းခွ(ကေ)ရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မြင့်ကျော်ဆိုနှင့် ဇနီးဖြစ်သူတို့ ချောင်းခွ(ကေ)ရွာထိပ်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဥ် စောင့်စိုင်းပစ်ခတ်ခဲ့ခြင်းဟု ဖော်ပြသည်။
ထိုသို့ ပစ်ခတ်အရေးယူရာတွင် စစ်ကောင်စီအုပ်ကြီး မြင့်ကျော်ဆိုသူကိုသာ ရွေးချယ်ပစ် ခတ်ခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူအား တစ်စုံတစ်ရာလုပ်ဆောင်ခြင်းမရှိဘဲ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ထားသူကိုသာ ပစ်ခတ်အရေးယူခဲ့ကြောင်း တပ်ခွဲ (၄)မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။
“(တိမ်းရှောင်နေတာ)ကြာပြီ ၃ လလောက်ရှိပြီ။ ပြန်ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ကျနော်တို့ ပစ်ခတ်တဲ့အထဲမှာ သူ့အမျိုးသမီးမပါဘူး”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ဆင်ရေးတွင် အုပ်ချုပ်ရေးမှူးမြင့်ကျော်က တော်လှန်ရေးရဲဘော်များအား မြင်တွေ့စဥ် ဇနီးဖြစ်သူနှင့် ဆိုင်ကယ်အားထားကာ ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်ခဲ့ရကြောင်း တပ်ခွဲ (၄)မှတာဝန်ရှိသူက ရှင်းပြသည်။
ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူး မြင့်ကျော်သည် နေရာတွင်သေဆုံးသွားပြီး ၎င်းကိုင်ဆောင်သည့် သေနတ်နှင့် လက်ပစ်ဗုံးကို ယူဆောင်လာခြင်းမရှိသောကြောင့် သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ ဆိုင်ကယ်တစ်စီးကိုသာ သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ခွဲ ၄က အသိပေးသည်။
ရှင်းလင်းလိုက်သည့် အုပ်ချုပ်ရေးမှူး မြင့်ကျော်သည် ဒေသခံလူငယ်များအား စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်သို့ဝင်ရန်စည်းရုံး၍ အင်အားစုဆောင်းပေးခြင်း၊ စစ်ကောင်စီတပ်ထံသို့ တော်လှန်ရေးရဲဘော်များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ စစ်ကောင်စီတပ် အရာရှိများ၊ ရဲများနှင့်ပေါင်းကာ ပြည်သူအားဒုက္ခပေးခြင်းစသည်တို့ကို လုပ်ဆောင်နေသူဖြစ်ကြောင်း ထုတ်ပြချက်တွင် ဖော်ပြထားသည်။
သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့နယ်တွင်လည်း ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဗိုလ်ကြီးတစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့ပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။