ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး ၁ ဦး စစ်သင်တန်းတက်ရန် သွားရောက်စဥ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ကြယ်နီကုန်းရွာ ရာအိမ်မှူး အောင်ဝင်းလေးသည် ခမရ ၆ တပ်ရင်းကို စစ်သင်တန်း တက်ရန်သွားရောက်စဥ် ကျေးရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ရာအိမ်မှုး အောင်ဝင်းလေးထံမှ စစ်တပ် နှင့် အဆက်အသွယ် လုပ်ထားသည့် မိုလ်ဘိုင်းဖုန်း ၁ လုံး၊ တော်လှန်ရေး ရဲဘော်များ၏ သွားလာ လှုပ်ရှားမှုများကို မှတ်တမ်း တင်ထားသည့် မှတ်စု စာအုပ် ၁ အုပ်၊ ငွေသား ၃၁၁၅၀ ကျပ်၊ မှတ်ပုံတင်နှင့် ကိုဗစ်၁၉ ကင်းရှင်းကြောင်း ထောက်ခံချက် ကပ်ပြား ၁ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရာအိမ်မှူးသည် ပျူစောထီး ခေါင်းဆောင် ဖြစ်ကာ စစ်တပ် အတွတ် လူအင်အား စုဆောင်းပေး၍ ခမရ ၆ တိမ်မြုပ်တပ်၌ စစ်သင်တန်းပေးခြင်း၊ စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ သတင်းများ ထောက်လှမ်းပေးပို့ကာ PDF စခန်း တည်နေရာများကို သတင်းပေးခြင်းနှင့် လိုက်လံပြသခြင်း၊ ဒေသခံများကို အနိုင်ကျင့်နေခြင်းတို့ကြောင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း မလိုက်နာသည့်အတွတ် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့ရာအိမ်မှူးက ကြံ့ဖွတ်ပါတီ ရပ်ကျေးစည်းရုံးရေးမှူး တာဝန်လည်းယူထားတယ်။ သူ့ဆီမှာ စစ်တပ်က ပေးထားတဲ့ သေနတ်နဲ့ လက်ပစ်ဗုံးတော့ ရှိတယ်လို့ သိထားရတာ ရှင်းတဲ့နေရာမှာတော့ ရှာမတွေ့ဘူး။ အိမ်မှာပဲထားခဲ့လား တပ်ထဲမှာပဲထားလားမသိ ပါမလာလို့မရခဲ့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။