ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်ရဲ့လုံခြုံရေးနဲ့ ပျူစောထီးတွေက ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို မြေအောက်ပြောက်ကျား တပ်ဖွဲ့(အုတ်ဖို)မှ ရှောင်တခင် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပျူစောထီးတွေ ပြုလုပ်တဲ့ လောင်းကစားဝိုင်းကို ဇန်နဝါရီ ၇ ရက်၊ နေ့လည် ၂ နာရီမှာ သာယာဝတီ ခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ပျူစောထီးခေါင်းဆောင် ၁ ဦး၊ ပျူစောထီး ၃ ဦး၊ အကြမ်းဖက်စစ်သား ၁ ဦး ၊ ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အထက်ပါ စီးနင်းတိုက်ခိုက်မှုအတွင်း ၊ အပြန်အလှန် ထိတွေ့ပစ်ခတ် မှု ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ကာ၊ အကြမ်းဖက် စစ်သားများ ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။
ရန်သူတပ်သားများ ထွက်ပြေးပြီးနောက် အဆိုပါ လောင်းကစားဝိုင်း အတွင်းမှ လက်လုပ် သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ လက်ကောက် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဖုန်း ၃ လုံး၊ ငွေကျပ် ၇၈၀၀၀ ကျပ်၊ စစ်ယူနီဖောင်း ၈ စုံ၊ မှတ်ပုံတင် ၁ ခု၊ စာရွက်စာတမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။