ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုမြို့ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံး အတွင်းကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှု ရုံးမီးလောင် ပြာကျပြီး စရဖ အရာရှိ ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ ၂ လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို တော်လှန်ရေး တပ်ဖွဲ့များက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကာ ရုံးမီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
“အုတ်ဖိုမြို့နယ် စရဖရုံးမှာ မနေ့က မီးလောင်ဗုံးကွဲမှု အတွင်း တပ်ကြပ်ကြီးစာရေး ၁ ဦး၊ နယ်မြေခံ စရဖ အရာရှိ ၁ ဦးနဲ့ စခန်းတာဝန်ခံ ဗိုလ်ကြီး ၁ ဦးတို့ ပြင်းထန် ဒဏ်ရာ စိုးရိမ်ရရရှိခဲ့တယ်လို့သိရတယ်။ ပရိဘောဂတွေနဲ့ လက်နက်ရုံ တစ်ခြမ်း မီးလောင်ပျက်ဆီးသွားတယ်။ အဲရုံးကို မီးလောင်ဗုံးနဲ့ ခွဲတာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ မီးလောင်ရာနေရာသို့ အုတ်ဖိုမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သာယာဝတီခရိုင်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ လာရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ စရဖရုံးသည် စစ်ကြောရေးစခန်းအဖြစ် စစ်တပ်က အသုံးပြုနေသည့် နေရာဖြစ်ကြောင်း သိရသည်။