ပဲခူးတိူင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စုမှာ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ဟာ မနေ့ (မေ ၅)နေ့လည် ၁ နာရီအချိန်လောက်က လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ကျေးရွာနေပြည်သူတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၅ (တောဘုရင်)က နေအိမ်အထိ ဝင်ရောက် ရှင်းလင်းခဲ့တာ ဖြစ်ပြီး ပွဲချင်းပြီး သေဆုံးတာကို မျက်မြင် အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။
နီးစပ်သူ တစ်ဦးက “အရင်အုပ်ကြီးကလည်း ရှင်းခံရပြီး သေသွားတာ။ အဲဒါကို သူက မကြောက်မလန့် အုပ်ကြီးလုပ်ချင်တယ် ပြောတော့ စစ်တပ်က ပေးလုပ်လိုက်တာ တစ်ခါတည်း ရှောတာပဲ” လို့ ပြောပါတယ်။
ဦးဝင်းလှိုင်ဟာ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေတဲ့ ကာလအတွင်း လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး ရွာခံတွေကို ခြိမ်းခြောက် ငွေတောင်းခံတာ၊ အောက်ခြေလူတန်းစားတွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးပေးတာ စတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် ရှင်းလင်းရတာလို့ PPDF တာဝန်ရှိသူတွေဆီက သိရပါတယ်။
ရွာခံ တစ်ဦးက “ကလေးတယောက်ဆို ၂၀ တောင်မပြည့်သေးဘူး။ အသက် ၇၀ ကျော် သူ့အဖိုးကို လုပ်ကျွေးနေတာ။ ဦးဝင်းလှိုင်က အဲကလေးကို စစ်မှုထမ်းဖို့ ကိုယ်တိုင်ဖမ်းပို့တာ” လို့ ပြောပါတယ်။
ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ အမြန်ဆုံး နှုတ်ထွက်ကြဖို့နဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေသူတွေကိုလည်း အသက်အာမခံချက် မရှိဘူးလို့ PPDF က ထုတ်ပြန်ထားပါတယ်။
မေလ ၂ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်စခန်းက ရေချိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကို PPDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၃ ဦး သေဆုံးကာ အမြောက်အမြား ဒဏ်ရာရ ရရှိခဲ့တယ်လို့ PPDF ရဲ့ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။