ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီးဝန်းကျင်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ အမှတ်(၁၀၃) ခြေမြန်တပ်ရင်း မှ ဒုတိယ ဗိုလ်မှူးကြီးသက်အောင်အောင်၏ နာရေးဖိတ်စာ နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ကချင်စစ်ရေးသတင်းရင်းမြစ်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ခမရ(၁၀၃)က အောင်ဂျာတိုက်ပွဲမှာ ပါတယ်။ တပ်ရင်းမှူး စနိုက်ပါမိလို့သေသွားပြီ။၁၃ရက်နေ့ တိုက်ပွဲမှာဟုတ်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ သက်အောင်အောင်၏ နာရေးသတင်းတွင် အောက်တိုဘာ ၁၃ရက်တွင် ရှေ့တန်းစစ်ဆင်ရေး၌ သေသုံးခဲ့ကြောင်း အသိပေးထားသည်။
မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများ အကြိမ်ကြိမ်ပေး တိုက်ခိုက်နေရသည်အထိ ပြင်းထန်လျက်ရှိသည်။