ကော့ကရိတ်မြို့သိမ်းတိုက်ပွဲနှင့် အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက်နေသော ကျားဖြူစစ်ကြောင်းသည် တိုက်ခိုက်မှုများအရှိန်မြင့်လုပ်ဆောင်ရန် “ကျားဖြူဟိန်းသံ မိုးသို့ညံ” ကျပ်သိန်း၂,၀၀၀ ကမ်ပိန်း စတင်ပြုလုပ်နေသည်ဟု အဆိုပါစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက်ရန် လိုအပ်သည့် စစ်လက်နက်များဖြည့်တင်းရမည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
“ကျားဖြူဟိန်းသံ မိုးသို့ညံ” ကျပ်သိန်း၂,၀၀၀ ကမ်ပိန်းကို အမှတ်(၂ )စစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးရုံး https://www.facebook.com/profile.php?id=100075860273190… က ပြုလုပ်ခြင်းဖြစ်သည်။
“ရန်သူရဲ့ စစ်ပစ္စည်းတွေက အရမ်းအားသာနေတယ်။ ရန်သူကို အကောင်းဆုံးတိုက်ခိုက်ဖို့အတွက် အဆင့်မြင့်ဂျန်ပါတွေ တပ်ဆင်ရမယ်။ ဒရုန်းတွေဖြည့်ရမယ်။ အခု ဒဏ်ရာရတဲ့ ရဲဘော်တွေကိုယ်တိုင် ပြန်နွှဲဖို့တောင်းဆိုနေတယ်။ ကျနော်တို့အကောင်းဆုံးပြန်လာမယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းအားဖြည့်ဖို့ တောင်းဆိုပါတယ်”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
ကျားဖြူစစ်ကြောင်းသည် တောင်ပိုင်းတိုင်းစစ်ဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်ခံ ဗျူဟာစစ်ကြောင်းဖြစ်ပြီး လက်ရှိတွင် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲနှင့် အောင်ဇေယျစစ်ကြောင်းအား ဟန့်တားတိုက်ခိုက်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကော့ကရိတ်မြို့တိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်းမှ ရဲဘော် ငါးဦးကျဆုံးခဲ့ရပြီး ၄၁ဦးဒဏ်ရာရရှိခဲ့သည်။