ကရင်ပြည်နယ် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းက ရှေ့တိုးရန်ကြိုးပမ်းလာ၍ တော်လှန်ရေးပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မေလ ၃၀ရက်က ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ရှေ့တိုးရန်ကြိုးပမ်းလာ၍ မိနစ် ၃၀ကြာ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီက Y-12လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ ပစ်ကူပေးခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ဒီဖက်ကတော့ထိခိုက်မူမရှိဘူး”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းမှာ တောနောရေတံခွန်အကျော် ဘုရားကုန်းအနီး၌ ရပ်တန့်နေဆဲဖြစ်သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းအား မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။
ထို့အပြင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သား အချို့မှာ ဒေါနတောင်ပေါ်၌ ငှက်ဖျားရောဂါဖြစ်နေသည်ဟု သတင်းကြားသိရကြောင်း အဆိုပါဒေါနတောင်အနီးရောက်ရှိနေသော ထောက်ပို့ရဲဘော် ကိုရဲမင်း(AAC)က ပြောသည်။
“ကျနော်တို့လည်း သတင်းအတိအကျရထားတာ ရှိတယ်။ ဒီကောင်တွေ အောင်ဇေယျကကောင် တွေ ငှက်ဖျားထိနေတယ်။ အဲဒီသတင်းက သေချာတယ်။ မိုးတွင်းစပြီဆိုတော့ ဒီကောင်တွေ ငှက်ဒဏ်လည်း မခံနိုင်ဘူး”ဟု ကိုရဲမင်း(AAC)က ပြောသည်။
မေလ ၂၆ရက် ညကလည်း ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းရှိရာ ဘုရားကုန်းအနီး၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက မစ်ဇိုင်းဒုံးများဖြင့် အဆက်မပြတ်ခဲ့သည်။
” ဒေါနတောင်ပေါ်မှာ အောင်ဇေယျက ရှေ့တိုးမရတော့ လူကြီးတွေကြိုက်အောင် လျှောက်ပစ်ပြနေတယ် ထင်တာပဲ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆိုသော နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ အင်အားရာ၊ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်မှ ချီတက်ခဲ့သည်။ ၄ ရက်ဖြင့် မြဝတီ အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း လာမည့်ဇွန်လ ၆ရက်ဆိုပါက နှစ်လပြည့်တော့မည်ဖြစ်ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
မေလ ၂၃ရက်ကလည်း ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးရှိ စစ်ကောင်စီစစ်ကြောင်းအား အမှတ်(၃၁) ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocketအဖွဲ့တို့ ပူးပေါင်း၍ Rocket ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများအပါအဝင် ၎င်းတို့၏ လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက မေလ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် ဒေါနတောင်ပေါ်နှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU)က KNLAနယ်မြေခံတပ်ရင်းများထုတ်သုံး၍ အင်အားဖြည့်မည်ဟု တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာလက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက် နေသော ဒေါနတောင်ပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာလက်အောက်ခံ စစ်ကြောင်းမှူးအချို့က ပြောသည်။
စစ်ကောင်စီက ဒေါနတောင်ပေါ်၌ ရောက်ရှိနေသော အောင်ဇေယျစစ်ကြောင်းနှင့် မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကြောင်းတို့က တော်လှန်ရေးတပ်ဖွဲ့များအား နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
ထို့ကြောင့် ထို့ကော်ကိုးတောင်ပတ်လမ်းကြောင်းမှတဆင့် စစ်ကောင်စီနှင့်ပူးပေါင်းနေသော ကရင်လက်နက်ကိုင်အဖွဲ့အချို့၏ အကူအညီဖြင့် မြဝတီမြို့သို့ စစ်သားများ ပို့ဆောင်နေသည်ဟု ကြားသိထားကြောင်း ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။
မြဝတီမြို့သို့ စစ်ကောင်စီတပ်သားများ ပို့ဆောင်နေမှုနှင့်ပတ်သက်ပြီး ကရင်စစ်ရေးသတင်းရင်းမြစ်က ” သတင်းဌာနတွေမှာ ရေးနေသလို ၄၀၀လောက်ဆိုတာ မဟုတ်ပါဘူး။ ၄၀၀လောက်ဆို တော်လှန်ရေးအဖွဲ့တွေ သွားတိုက်ပြီပေါ့။ အဲလောက်အင်အားများနေရင်။ အခုက ရောက်တာက ရောက်တယ်။ ၅၀ လောက်ပဲရောက်တယ်”ဟု ပြောသည်။ မြဝတီမြို့ စစ်ကောင်စီတပ်သားများ ပို့ဆောင်မှုမှာ ကရင်အဖွဲ့အစည်းတစ်ခု၏ ကူညီမှုဖြင့် အိမ်စီးကားတစ်စီးလျှင် လူနှစ်ဦး၊ သုံးဦး တင်ဆောင်ပြီး လျှို့ဝှက်ပို့ဆောင်ပေးခြင်းဟု ၎င်းက ဆက်ပြောသည်။
အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက်နေသော တောင်ပိုင်းတိုင်းအမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကော်ဘရာ ပူးပေါင်းတပ်များအား စစ်ကောင်စီက မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကောင်စီတပ်သားများနှင့် နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်သည်ဟု စစ်ကြောင်းမှူးအချို့က ပြောသည်။
မြဝတီမြို့၌ မြို့စောင့်တပ် ခလရ(၂၇၅)မှ လက်ကျန်စစ်ကောင်စီတပ်သား အနည်းငယ်သာရှိနေပြီး အခြားလမ်းကြောင်းမှ ပို့ဆောင်၍ လက်ရှိ မြဝတီမြို့၌ စစ်ကောင်စီတပ်သား ၄၀၀ခန့်ရောက်ရှိနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ သို့သော် အဆိုပါသတင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်ပေ။