ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ အောင်ပန်းမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (UTF) ဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁/၂၀၂၄) ကို ဒီနေ့ (ဇွန် ၂၄) မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
အခြေခံစစ်ပညာသင်တန်းကို ကရင်နီပြည် တောတွင်းတစ်နေရာမှာ တစ်လတိတိ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲကိုလည်း အဲ့ဒီမှာပဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းကာလအတွင်း တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဆိုင်ရာတွေကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
အခမ်းအနားမှာ သက်ဆိုင်ရာ တပ်ရင်းတာဝန်ရှိသူတွေက အမှာစကားနဲ့ အားပေးစကား ပြောကြားတာ၊ အလံတော်ကို အလေးပြုတာ၊ သစ္စာအဓိဌာန် ရွတ်ဆိုတာ၊ ကျေးဇူးတင်စကားနဲ့ အပိတ်အမှာစကား ပြောကြားတာ စတဲ့ အစီအစဥ်တွေ ပြုလုပ်ခဲ့ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရည်အချင်းပြည့်ဝတဲ့ UTF တပ်ဖွဲ့ဝင်သစ်တွေအနေနဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ တွန်းလှန်သွားမယ်လို့ ကတိသစ္စာပြုခဲ့ပြီး ပြည်သူတွေဘက်ကလည်း တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင် ပံ့ပိုးပေးကြဖို့ တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း SSLRU က အရည်အသွေးမြင့် စွမ်းဆောင်ရည်နဲ့ အထူးစစ်ရေးဗျူဟာ အကြောင်းအရာများကို သင်ကြားပေးခဲ့ပြီးနောက် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။